ငါးနှစ်အတွင်း ထိုင်းဘတ်ငွေဈေး အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းကြောင့် မြဝတီနယ်စပ် ကုန်စည်ရောင်းဝယ်မှု တန့်သွားဟုဆို

ငါးနှစ်အတွင်း ထိုင်းဘတ်ငွေဈေး အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းကြောင့် မြဝတီနယ်စပ် ကုန်စည်ရောင်းဝယ်မှု တန့်သွားဟုဆို
Published 8 June 2015
ကိုရွှေသိန်း (မြဝတီ)

ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေခြင်းနှင့်အတူ ထိုင်းဘတ်ငွေဈေး ငါးနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကာ မြန်မာကျပ်ငွေဈေး လျော့ကျလာခြင်းကြောင့် နယ်စပ်ကုန်စည်ရောင်းဝယ်မှု ဈေးကွက်ကို တန့်သွားစေကြောင်း မြဝတီနယ်စပ်မှ ထိုင်းကုန်ပစ္စည်း လက်လီလက်ကား ရောင်းချသူများက ပြောကြားသည်။ထိုင်းကုန်ပစ္စည်းများအား ဘတ်ငွေနှင့် ဝယ်ယူလျှင် ဈေးနှုန်းပြောင်းလဲမှု မရှိသော်လည်း မြန်မာကျပ်ငွေနှင့် ဝယ်ယူပါက ပစ္စည်းတစ်မယ်လျှင် ကျပ်တစ်ထောင်ဝန်းကျင်ထိ မြင့်တက်နေပြီး ဘတ်ငါးသိန်းတန် ကားတစ်စီးအား ဝယ်ယူလျှင်လည်း သင်္ကြန်မတိုင်မီကထက် ကျပ် ၇၆၀၀၀၀ ကျော် မြင့်တက်သွားကြောင်း သိရသည်။“ရာသီဥတုပြောင်းလဲမှုက ဈေးကွက်ကို ကိုင်လှုပ်နိုင်စွမ်း မရှိပေမယ့် ဘတ်ငွေဈေး အတက်ကြမ်းနေတာက ဈေးကွက်ကို တန့်သွားစေပါတယ်။ အခုဆိုရင် ဈေးအရောင်းအဝယ် ထက်ဝက်ကျော်လောက် လျော့သွားပြီး တချို့ကုန်သည်တွေဆို နယ်စပ်ကိုတက်မလာတော့ဘူး” ဟု ကုန်မျိုးစုံ လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောကြားသည်။မြဝတီငွေကြေးဈေးကွက်တွင် ဇွန်လဆန်းမှစ၍ ဘတ်ငွေဈေး မြင့်တက်လျှက်ရှိပြီး ဇွန် ၁ ရက်က ကျပ် ၁၀၀ လျှင် ရောင်းဈေး ၂ ဒသမ ၉၆၅ ဘတ်၊ ဝယ်ဈေး ၂ ဒသမ ၉၇၅ ဘတ်၊ ဇွန် ၂ ရက်တွင် ရောင်းဈေး ၂ ဒသမ ၉၆၀ ဘတ်၊ ဝယ်ဈေး ၂ ဒသမ ၉၇၀ ဘတ်၊ ဇွန် ၃ ရက်၌ ရောင်းဈေး ၂ ဒသမ ၉၅၀ ဘတ်၊ ဝယ်ဈေး ၂ ဒသမ ၉၆၀၊ ဇွန် ၄ ရက်တွင် ရောင်းဈေး ၂ ဒသမ ၉၄၀ ဘတ်၊ ဝယ်ဈေး ၂ ဒသမ ၉၅ ဘတ်၊ ဇွန် ၅ ရက်နှင့် ၆ ရက်များတွင် ရောင်းဈေး ၂ ဒသမ ၉၁၅ ဘတ်၊ ဝယ်ဈေး ၂ ဒသမ ၉၂၅ ဘတ်ဖြင့် ရောင်းဝယ်လျှက်ရှိပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၁၁၆၀ ထိ မြင့်တက်နေကြောင်း သိရသည်။“ဒီရက်ပိုင်းအတွင်းမှာ ထိုင်းဘတ်ငွေဈေး အတက်ကြမ်းတဲ့ အတွက်ကြောင့် ပစ္စည်းရောင်းပြီး မြန်မာကျပ်ငွေကိုင်လာရင် လမ်းခရီးမှာတင် အရှုံးပေါ်နေပြီ” ဟု မြဝတီနယ်စပ်မှ ကုန်ပစ္စည်းရောင်းဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။“ခရီးသွားနေသူ မပြောနဲ့ မြန်မာငွေကိုင်ပြီး မြဝတီမှာနေရင်းနဲ့ကို ရှုံးနေတာ။ ထိုင်နေရင်း အရှုံးပြနေတာ” ဟု ချစ်ကြည်ရေးတံတားအနီးမှ တစ်နိုင်တစ်ပိုင် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။ထိုင်းဘတ်ငွေဈေးမှာ သင်္ကြန်ကာလအပြီးနောက်ပိုင်းမှ စတင်ကာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဇွန် ၆ ရက်တွင် ထိုင်းငွေတစ်ဘတ်လျှင် ၃၄ ဒသမ ၁၈ ကျပ်အထိ မြင့်တက်လာခြင်းကြောင့် (၅) နှစ်အတွင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent