ဒေါ်လာလဲနှုန်းဆက်တိုက်မြင့်တက်နေပြီး တစ်ဒေါ်လာ ၁၁၇၃ ကျပ်အထိရောက်ရှိလာ

ဒေါ်လာလဲနှုန်းဆက်တိုက်မြင့်တက်နေပြီး တစ်ဒေါ်လာ ၁၁၇၃ ကျပ်အထိရောက်ရှိလာ
Published 5 June 2015
အောင်မြတ်ကို

ဇွန်လဆန်းပိုင်း၌ ဒေါ်လာတန်ဖိုးဆက်တိုက်မြင့်တက်နေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၁၇၃ ကျပ်ဝန်းကျင်အထိရှိလာကြောင်း ပြင်ပဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။ဇွန်လဆန်းပိုင်းတွင် ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းမှာ တိုးမြင့်သတ်မှတ်လျက်ရှိပြီး ဇွန် ၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ၁၀၉၇ ကျပ်မှ ဇွန် ၅ ရက်တွင် ၁၁၀၅ ကျပ်သို့ ရှစ်ကျပ်တိုးမြင့်သတ်မှတ်ထားသည်။ဒေါ်လာတန်ဖိုးသည် ဇွန် ၂ ရက်မှစ၍ သိသာစွာမြင့်တက်လာခဲ့ခြင်းပြီး ဇွန် ၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၅၂ ကျပ်ဝန်းကျင်သို့လည်းကောင်း ဇွန် ၄ ရက်တွင် ၁၁၆၅ ကျပ်ဝန်းကျင်သို့လည်းကောင်း၊ ဇွန် ၅ ရက် တွင် ၁၁၇၀ ကျပ်သို့မြင့်တက်ခဲ့သည်။ဇွန် ၅ ရက်တွင်ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၀၅ ကျပ်သို့တိုးမြင့်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၁၇၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၇၁ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း၊ ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၁၇၃ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း ပြင်ပဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဘဏ်စာရင်းမှ နိုင်ငံခြားငွေ ငွေသားထုတ်ယူရာတွင် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ သာထုတ်ပေးရန် မေ ၂၇ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားသည့် အပြင်အဆိုပါနေ့တွင် နိုင်ငံခြားငွေများ (Foreign Currencies) ဝယ်ယူရောင်းချခြင်းနှင့်ပတ်သက်လည်း ယခင်ခွင့်ပြုထားသော နိုင်ငံခြားငွေသုံးမျိုးအပြင် မလေးရှားရင်းဂစ်နှင့် ထိုင်းဘတ်ငွေများကို ဝယ်ယူရောင်းချခွင့်ပြုလိုက်သည်။ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့၏ တရားဝင်နိုင်ငံခြားငွေလဲကောင်တာအချို့တွင် ရောင်းဈေး ၁၁၁၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၀၅ ကျပ်ဝန်းကျင် သတ်မှတ်ထားသည်။ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ်စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခုသုံးနှစ်ကျော်အကြာကာလအတွင်း တစ်ဒေါ်လာလျှင် ၃၅၈ ကျပ်ကျော်အထိ စံချိန်တင်ဈေးနှုန်းမြင့်လျက်ရှိသည်။တရားဝင်ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း၌လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်း၌လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent