ဗဟိုဘဏ် ထိန်းသိမ်းနေသည့်ကြားမှ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၁၆၅ ကျပ် ဝန်းကျင်အထိ ဆက်လက်မြင့်တက်

ဗဟိုဘဏ် ထိန်းသိမ်းနေသည့်ကြားမှ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၁၆၅ ကျပ် ဝန်းကျင်အထိ ဆက်လက်မြင့်တက်
Published 5 June 2015

ဗဟိုဘဏ်က ဝင်ရောက်ထိန်းသိမ်း နေသည့်ကြားမှ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၁၆၅ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာကြောင်း ပြင်ပဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
ဒေါ်လာတန်ဖိုးသည် ဇွန် ၂ ရက်မှစ၍ သိသာစွာမြင့်တက် လာခဲ့ခြင်းပြီး ဇွန် ၃ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁၁၅၂ ကျပ်ဝန်း ကျင်သို့ လည်းကောင်း၊ ဇွန် ၄ ရက်တွင် ၁၁၆၅ ကျပ်ဝန်းကျင်သို့ လည်းကောင်း မြင့်တက်ခဲ့သည်။
ဇွန် ၄ ရက်တွင်ဖြစ်ပေါ်နေသော ဗဟို ဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀၉၇ ကျပ်သို့ တိုးမြှင့်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၁၁၆၅ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၁၅၈ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရငွေ တန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၁၆၅ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါ်လာလဲနှုန်းသည် မေလနောက်ဆုံးပတ်အတွင်း ကျပ် ၁၁၄၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဇွန်လဆန်းပိုင်းတွင် ကျပ် ၁၁၆၀ ကျော်အထိ သိသာစွာ စံချိန်တင်ဈေးနှုန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့၏ တရားဝင် နိုင်ငံခြားငွေလဲ ကောင်တာအချို့တွင် ရောင်းဈေး ၁၁၀၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၀၉၈ ကျပ်ဝန်းကျင် သတ်မှတ်ထားသည်။
ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲ နှုန်းစနစ်စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခုသုံးနှစ်ကျော်အကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀ ကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်လျက်ရှိသည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် မကြာသေးမီကပင် ငွေလဲနှုန်းမြင့်တက်နေမှုကို ကြိုးစားထိန်းသိမ်းနေကြောင်း ထုတ်ပြန်ထားပြီး ထိုသို့ ထိန်းသိမ်းနေသည် ဆိုသည့်ကြားမှ ကျပ်ငွေဖြင့် လဲလှယ်သည့် ဒေါ်လာတန်ဖိုးမှာ ဆက်တိုက် ထိုးတက်နေခြင်းဖြစ်သည်။

Most Read

Most Recent