ဇွန် ၄ ရက် ပြည်တွင်း ရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၄၀၀၀ အထိ ဈေးမြင့်

ဇွန် ၄ ရက် ပြည်တွင်း ရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၄၀၀၀ အထိ ဈေးမြင့်
Published 4 June 2015
ချမ်းမြေ့သူ

ဇွန် ၄ ရက် ပြည်တွင်း ရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၄ç ၀၀၀ ဖြင့် ဈေးစဖွင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“ရွှေဈေးက အခေါက်တစ်ကျပ်သားကို ၇၂၄၀၀၀ ရှိတယ်။ ဒီနေ့အတွက် ဈေးကွက်ထဲမှာတော့ အဝယ်လိုက်နေတယ်။ ရွှေဈေးက ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေတဲ့အတွက် အတက်ဈေးမှာပဲ ရှိနေတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်တွင်းအခေါက်ရွှေဈေးမှာ မေလပထမပတ်အတွင်းမှစ၍ တက်ရိပ်ပြလာခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀၊ ကျပ် ၇၁၉၀၀၀ အထိ ဈေးဆက်တိုက်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မေ ၂၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဈေးအနည်းငယ်သာ ပြန်ကျခဲ့ပြီး ဇွန် ၃ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၂၀၀၀၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိကာ ဇွန် ၄ ရက်တွင် ကျပ် ၇၂၀၀၀၀ ကျော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ နိုင်ငံတကာ ရွှေဈေးအတက်ပေါ် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်သည့်အတွက် ယခင်က နိုင်ငံတကာ ရွှေဈေးနှုန်းအတက်အကျ တည်ငြိမ်မှုမရှိချိန်တွင် ပြည်တွင်းရွှေဈေးမှာ အမြင့်ဈေး၌ ကြာရှည်စွာရပ်တည်လေ့ မရှိသော်လည်း မေလဆန်းပိုင်းမှ မြင့်တက်မှုဖြစ်ပေါ်ခဲ့သည့် ရွှေဈေးမှာ ယခု ဇွန်လဆန်းအထိ အမြင့်ဈေး၌ပင် ရပ်တည်နေကြောင်း သိရသည်။
ဇွန် ၄ ရက် ပြည်တွင်းရွှေဈေးကွက် အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၄၀၀၀၊ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၆၇၅၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။           

Most Read

Most Recent