ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနပိုင် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောမြေဧက ၉၀၀၀၀ နီးပါးကို ဧက ၁၀၀၀ နှင့်အထက် လုပ်ကွက်များ သတ်မှတ်၍ ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုရှိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော မြေ ၈၉၆၄၀ ဧကကို ဧရိယာ ၁၀၀၀ ဧကနှင့်အထက် လုပ်ကွက်များ သတ်မှတ်၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်သည်။
ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခွင့်အတွက် စိတ်ဝင်စားသော ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များအား စိတ်ဝင်စားကြောင်း အဆိုပြုလွှာများ တင်သွင်းနိုင်ရေးကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ အဆိုပါ အဆိုပြုလွှာများကို ဇွန် ၁၆ ရက် နောက်ဆုံးထား၍ နေပြည်တော်ရှိ ရုံးအမှတ် (၃၉)သစ်တောဦးစီးဌာနရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့်ပတ်သက်၍ တင်ဒါအဆိုပြုလွှာ တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကိုလည်း ဇွန် ၁၇ ရက်တွင် အဆိုပါ ရုံးအမှတ် (၃၉) ၌ပင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်တောကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိုက်ခင်းတည်ထောင်ခြင်းကို နိုင်ငံပိုင်ကဏ္ဍလျှော့ချ၍ ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်လျက်ရှိရာ ကျွန်းနှင့်သစ်မာစိုက်ခင်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ကို ၂၀၀၆-၂၀၀၇ ခုနှစ်တွင် စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။
ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်းတည် ထောင်ခြင်းအား ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ တောင်ကြီး၊ ကလောနှင့် နေပြည်တော်ဧရိ ယာများမှအပ ဧက ၅၀နှင့်အောက် စိစစ်ခွင့် ပြုပေးခြင်းအား တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကျွန်း ၆၃ ရာခိုင် နှုန်း နှင့် သစ်မာ ၃၇ ရာခိုင်နှုန်း စိုက်ပျိုးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ ဧရိယာစာရင်းများနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်အထိရရှိ သောစာရင်းများအရ စုစုပေါင်း ကြိုးဝိုင်းဧရိ ယာဧကမှာ ၂၉၇၉၄၇၁၂ ဒသမ ၆၂ ဧက၊ ကြိုးပြင်ဧရိယာဧကမှာ ၁၁၆၅၂၉၄၀ ဒသမ ၇၇ ဧကရှိကာ စုစုပေါင်း ၄၁၄၄၇၆၅၃ ဒသမ ၃၉ ဧကရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောမြေ ဧက ၉၀၀၀၀ နီးပါးကို ဧက ၁၀၀၀ နှင့်အထက် လုပ်ကွက်များသတ်မှတ်၍ ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်လုပ်ကိုင်ခွင့်ပြုမည်