မြဝတီ-မဲဆောက်အား ညီအစ်မမြို့တော်အဖြစ် တည်ထောင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က “မြဝတီဝင်ပေါက် ဖွင့်လှစ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံဘက်က ခရီးစဉ်ပုံစံ အမျိုးမျိုးနဲ့ ဝင်ရောက်တိုးတက်မှု များပြားလာတာကို တွေ့နေရပါတယ်။ နောက်ပြီး မြဝတီ-မဲဆောက် ညီအစ်မမြို့တော် ထူထောင်ဆောင်ရွက်ဖို့လည်း ရှိပါတယ်” ဟု ပြောကြားသည်။နှစ်နိုင်ငံ သွားလာရလွယ်ကူပြီး တတိယနိုင်ငံသားများပါ ပိုမိုဝင်ရောက်လာနိုင်ရန်၊ မြို့တော်ကို တည်ထောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ပြောဆိုခဲ့ကြကြောင်း သိရသည်။ထိုင်းနိုင်ငံဘက်က ၎င်းတို့ခရီးသည်များကို မြန်မာနိုင်ငံအကြောင်း မြှင့်တင်ကြော်ငြာပြီး ပိုမိုစေလွှတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့် နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှုမှာ ယခင်နှစ်များထက် တိုးတက်လျက်ရှိနေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။ဒေါ်လာသန်း ၅၀၀ ခန့် ကုန်ကျမည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။နိုင်ငံခြားသားများ ဝင်ရောက်မှုနှုန်း သိသိသာသာ မြင့်တက်ခဲ့သည့် ၂၀၁၃ ခုနှစ်က နိုင်ငံခြားခရီးသွား နှစ်သန်းကျော်မှ ရရှိခဲ့သော နိုင်ငံခြားဝင်ငွေ သန်း ၉၀၀ ကျော်နှင့် ၂၀၁၄ ခုနှစ်က ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ခရီးသည်ငါးသန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ဒေါ်လာနှစ်ဘီလျံခန့် ရရှိရန် မျှော်လင့်လျက်ရှိသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
မြဝတီ-မဲဆောက်အား ညီအစ်မမြို့တော်အဖြစ် တည်ထောင်ဆောင်ရွက်ရန် စီစဉ်နေ
Most Read
Most Recent
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago