ပြည်တွင်းခရီးသွားများ အနေဖြင့် မိုင် ၁၀၀ အောက်နှင့် မိုင် ၁၀၀ အထက် အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ ထားရှိနိုင်

ပြည်တွင်းခရီးသွားများ အနေဖြင့် မိုင် ၁၀၀ အောက်နှင့် မိုင် ၁၀၀ အထက် အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ ထားရှိနိုင်
Published 31 May 2015
ချမ်းမြေ့သူ

ပြည်တွင်းခရီးသွားများ အနေဖြင့် မိုင် ၁၀၀ အောက်နှင့် မိုင် ၁၀၀ အထက် အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ ထားရှိနိုင်ပြီး ခရီးအကွာအဝေးအလိုက် ထားရှိသည့်ယူနစ်နှင့် ထိခိုက်မှုပေါ် မူတည်၍ လျော်ကြေးများ ပေးအပ်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။“၂၀၁၄ ခုနှစ်မှာ အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံဆိုပြီး လုပ်လိုက်တယ်။ ခရီးအကွာအဝေးအလိုက် ထားရှိရမယ့် အာမခံကြေးတွေ သတ်မှတ်ထားတယ်။ မိုင် ၁၀၀ အောက် ခရီးတိုဆိုရင် တစ်ယူနစ်ကို ၅၀ ကျပ်ကနေ ၁၀၀ အထိ သတ်မှတ်ထားပြီးတော့ မိုင် ၁၀၀ အထက်ဆိုရင် တစ်ယူနစ်ကို ကျပ် ၃၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ခရီးသွားတစ်ယောက်ကို တစ်ယူနစ်ပဲ ရောင်းပေးပါတယ်” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံကို မိုင် ၁၀၀ အောက်ခရီးနှင့် မိုင် ၁၀၀ အထက်ခရီးဟူ၍ နှစ်မျိုးခွဲခြားထားပြီး မိုင် ၁၀၀ အောက်ခရီး ဆိုပါက အာမခံကြေး တစ်ယူနစ်လျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ ကြား သတ်မှတ်ထားပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ပါက လျော်ကြေးအဖြစ် ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်း ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့ပါက ဒဏ်ရာ ၇၃ မျိုးအတွက် ရာခိုင်နှုန်းအလိုက် လျော်ကြေးပေးလျော်မည်ဖြစ်ကြောင်း သိရသည်။မိုင် ၁၀၀ အထက် ခရီးဆိုပါက အာမခံကြေးတစ်ယူနစ်လျှင် ကျပ် ၃၀၀ ပေးသွင်းရမည်ဖြစ်ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ပါက လျော်ကြေးအဖြစ် ကျပ်သိန်း ၃၀ ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့ပါက ဒဏ်ရာ ၇၃ မျိုးအတွက် ရာခိုင်နှုန်းအလိုက် လျော်ကြေးပေးလျော်မည်ဟု သိရသည်။၂၀၁၅ ခုနှစ်အတွင်း အမြန်လမ်းပေါ်တွင် အရှိန်လွန်မောင်းသဖြင့် အရေးယူခဲ့သည့် ယာဉ်အစီးရေ ၁၅၀၀ ကျော်ရှိကြောင်း၊ အရှိန်လွန် မောင်းနှင်မှုများကို တိုင်းတာသည့် စက်များအပြင် အမြန်လမ်းရဲတပ်ဖွဲ့မှလည်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။