မြိုင်ဟေဝန် ဆင်စခန်းနှင့် ဖိုးကျား ဆင်စခန်းအပြင် ဆင်စခန်း ခုနစ်ခုကို သဘာဝအခြေခံ ခရီးသွားနေရာအဖြစ် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်

မြိုင်ဟေဝန် ဆင်စခန်းနှင့် ဖိုးကျား ဆင်စခန်းအပြင် ဆင်စခန်း ခုနစ်ခုကို သဘာဝအခြေခံ ခရီးသွားနေရာအဖြစ် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်
Published 31 May 2015
မြတ်စုနိုင်

မြိုင်ဟေဝန်ဆင်စခန်းနှင့် ဖိုးကျားဆင်စခန်းအပြင် ဆင်စခန်း ခုနစ်ခုကို သဘာဝအခြေခံ ခရီးသွားနေရာအဖြစ် ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု များပြားလာရာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အထူးစိတ်ဝင်တစား လာရောက်လည်ပတ်နေကြသောကြောင့် သဘာဝအခြေခံ ခရီးသွားလာရေး စခန်းများအဖြစ် ဆင်စခန်းခုနစ်ခုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် ရည်ရွယ်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။“နိုင်ငံခြားခရီးသွား ဧည့်သည်တွေက ဆင်စခန်းတွေကို စိတ်ဝင်စားကြတယ်။ လာရောက်လေ့လာမှုကလည်း တဖြည်းဖြည်း တိုးတက်လာတယ်။ ဒါကြောင့် ဆင်စခန်း ခုနစ်ခုကို သဘာဝအခြေခံ ခရီးသွားရေး စခန်းအဖြစ် ထပ်မံဖွင့်လှစ်ဖို့ ရည်ရွယ်တာပါ” ဟု ဟိုတယ်/ခရီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ထို့ပြင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများတွင် မြန်မာ့ဆင်စခန်း၏ ထူးခြားသော အလေ့အထများကို ခရီးသွားများ လေ့လာနိုင်ရန် မြိုင်ဟေဝန်ဆင်စခန်းနှင့် ဖိုးကျားဆင်စခန်းတို့ကို သဘာဝအခြေခံ ခရီးသွားဆင်စခန်းအဖြစ် တရားဝင်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ထို့ပြင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သဘာဝနယ်မြေအဖြစ် ဥယျာဉ်ဘေးမဲ့တောများနှင့် တိရစ္ဆာန်ဥယျာဉ်များ ထည့်သွင်း၍ ခရီးသွားစခန်း ၁၅ ခုကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။ထို့ကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားလျက်ရှိသော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် စွန့်စားမှုခရီးစဉ်များ ပါဝင်သော သဘာဝပတ်ဝန်းကျင် လေ့လာရေး ခရီးစဉ်များသည် ခရီးသွားလုပ်ငန်းဈေးကွက်၏ ရာခိုင်နှုန်း ၅၀ ခန့်ရှိကြောင်း သိရသည်။ထို့ကြောင့် ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်း အနေနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားရေး တိုးတက်လာသော်လည်း ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်သောကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာကြောင်း သုံးသပ်မှုများ ရှိနေသည်။

Most Read

Most Recent