၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇ ဒသမ ၇ ဘီလျံကျော်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထား

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇ ဒသမ ၇ ဘီလျံကျော်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထား
Published 31 May 2015
ချမ်းမြေ့သူ

နယ်စပ်ကုန်သွယ်မှုပမာဏ နှစ်စဉ်မြင့်တက်လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၇ ဘီလျံကျော်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် တရားဝင်နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်လျက်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏဖြင့် နှိုင်းယှဉ်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် (ယခင်ဘဏ္ဍာနှစ်) ကုန်သွယ်မှုပမာဏမှာ လေးနှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၆၇ ဒသမ ၉၉၈ သန်းရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၇၅၄ ဒသမ ၄၈၃ သန်းရှိကာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅၅၈ ဒသမ ၀၉၄ သန်းရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန်တင်ပို့မှုမှ ရငွေပိုများပြီး ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်ကြောင်း သိရသည်။ အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်တွင် ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။သို့သော် လက်ရှိ ဘဏ္ဍာနှစ်စတွင် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာ၌ ပို့ကုန်တင်ပို့မှုမှ ရငွေထက် သွင်းကုန်တင်သွင်းမှုအတွက် အသုံးပြုငွေမှာ အနည်းငယ်ပိုများကြောင်း သိရသည်။နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် တရားဝင်လိုင်စင်ရယူ၍ ကုန်သွယ်နေမှုများရှိရာ ရှောင်ကွင်းလမ်းများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ ရှိနေသည့်အတွက် ဖမ်းဆီးအရေးယူနေရကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။အိမ်နီးချင်းနိုင်ငံများနှင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ တမူး စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး တရားဝင်နယ်စပ်ကုန်သွယ်မှုများ တိုးတက်လာစေရန်အတွက် ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများလည်းရှိပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent