ဝန်ကြီးဌာနနှင့် အစိုးရဌာနများ ပြည်တွင်းငွေပေးချေရာတွင် ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ် ညွှန်ကြားချက်ထုတ်ပြန်

ဝန်ကြီးဌာနနှင့် အစိုးရဌာနများ ပြည်တွင်းငွေပေးချေရာတွင် ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ် ညွှန်ကြားချက်ထုတ်ပြန်
Published 31 May 2015
ဇော်ဝေ

ဝန်ကြီးဌာနများနှင့် အစိုးရဌာနများ ပြည်တွင်းငွေပေးချေမှုဆောင်ရွက်ရာတွင် ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၈ ရက်နေ့စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 
နိုင်ငံတော်အတွင်း ရောင်းချ/ဝယ်ယူသည့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာအသုံးပြုမှု (Dollarization) ဖြစ်လာခြင်း၊ ဒေါ်လာလိုအပ်ချက်ပမာဏ မြင့်မားလာခြင်း၊ ပြည်တွင်းကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍလျော့ကျလာခြင်းတို့ကြောင့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်မှုကို ဖြစ်လာပြီး နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါဖြစ်ပေါ်စေကြောင်း ညွှန်ကြားချက်တွင် ဖော်ပြသည်။
 
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ စသည်တို့တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားများ ဝယ်ယူသုံးစွဲမှုအတွက် ကောက်ခံနေသော ဝန်ဆောင်ခနှင့် အခကြေးငွေ စသည်တို့ကို ပေးချေရာ၌ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခွင့်ပြုပါရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“သို့ပါ၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းများ ဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့အတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်းကိစ္စရပ်များတွင် နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ်ခြင်း၊ တောင်းခံ/သုံးစွဲခြင်းမပြုဘဲ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန်အတွက် ထပ်ဆင့်ညွှန်ကြားပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။                 

 

Most Read

Most Recent