၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်း အပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းမည်ဟု NLD နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ ပူးတွဲကြေညာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်း အပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းမည်ဟု NLD နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ ပူးတွဲကြေညာ
Published 27 May 2015
အောင်ဇော်ထွန်း၊ သက်မျိုးမင်း၊ ဇာလီမြင့်ဦး

အခွင့်ထူးခံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပါဝင်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်း အပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့က မေ ၂၇ ရက်တွင် ပူးတွဲကြေညာခဲ့သည်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ (၂၅) နှစ်ပြည့်ဖြစ်သည့် ၂၀၁၅ ခုနှစ် မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်းတွင် အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ခြင်း၊ ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းရေးသား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စတင်ဖွဲ့စည်းတည်ထောင်သည့် ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာခဲ့ကြောင်း၊ ထိုရည်မှန်းချက်သို့ ရောက်ရှိရန် ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်မှာ ယနေ့ထက်တိုင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးပရိယာယ် အမျိုးမျိုး၏ အချိုးအကွေ့များကို သတိကြီးစွာထား၍ မိမိတို့နှင့် ရည်ရွယ်ချက်မူဝါဒ တိုက်ဆိုင်သော နိုင်ငံရေးအင်အားစုများနှင့် လက်တွဲလုပ်ကိုင်ကြမည်ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ နိုင်ငံရေးရည်မှန်းချက်မှာလည်း နောင်အနာဂတ်တွင် တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်မည့် ‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု’ ပေါ်ပေါက်ရေးပင်ဖြစ်ကြောင်း၊ ၂၀၁၅-ရွေးကောက်ပွဲတွင် မိမိတို့အနေဖြင့် ထိုနိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည့် ပါတီ/အဖွဲ့အစည်းများကို ဝန်းရံပေးမည်ဖြစ်ကြောင်း ပူးတွဲကြေညာစာတမ်းတွင် ဖော်ပြထားသည်။နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် (၁) ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်း အပါအဝင် လွှတ်တော်တွင်း လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းသွားရန်၊ (၃) ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေခံ၍ တိုင်းရင်းသား အင်အားစုများနှင့်အတူ တက်ကြွစွာလက်တွဲပါဝင် ဆောင်ရွက်ရန်တို့ကို ပူးတွဲကြေညာလိုက်သည်ဟု NLD နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သော့ချက်ကျသည့် ပြဿနာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့မျှ တည်ဆောက်၍ ရနိုင်မည် မဟုတ်ကြောင်း၊ အခွင့်ထူးခံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပါဝင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ မြန်မာနိုင်ငံ၏ အခြေခံကျသော ပြဿနာ များအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသားများ လိုလားတောင်းဆိုနေသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အရပ်ရပ်၌ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသော်လည်း ယခုအချိန်ထိ တိတိကျကျ ရုပ်လုံးပေါ်လာခြင်း မရှိသေးကြောင်း၊ ထို့ပြင် ၂၀၁၅ မေလတွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု လွှတ်တော်တွင် အတိအလင်း ကြေညာထားသော်လည်း လက်တွေ့ကျကျ အကောင်အထည် ပေါ်လာခြင်းမရှိဘဲ ၎င်းကို ရှေးရှုသည့် လုပ်ရပ်များ၊ လုပ်ငန်းစဉ်များ ယနေ့အထိ အရိပ်အယောင်မျှပင် မမြင်တွေ့ရသေးဟု နိုင်ငံရေးပူးတွဲကြေညာစာတမ်းတွင် ရေးသားထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ထောက်ခံသော လက်မှတ်ပေါင်း ငါးသန်းနီးပါး ရရှိခဲ့ကြောင်း၊ ခက်ခဲသော အခြေအနေများနှင့် တိုတောင်းသောကာလအတွင်း ဤမျှများပြားသော လက်မှတ်များ ရရှိခဲ့ခြင်းသည် မြန်မာပြည်သူလူထု၏ တက်ကြွသော နိုင်ငံရေးနိုးကြားမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထားကို ထင်ရှားစေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မျက်ကွယ်ပြု ဆောင်ရွက်ချက်များသည် အဓိကကျသော မြန်မာ့နိုင်ငံရေးပြဿနာကို လျစ်လျူ ရှုခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အာမခံချက်ရှိသော နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ကို ဖော်ဆောင်ပေးခြင်းသည် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေးတို့အတွက် များစွာ အကျိုးသက်ရောက်မှုရှိမည်ဟု ယူဆကြောင်း NLD နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေး ပူးတွဲကြေညာစာတမ်းတွင် ဖော်ပြထားသည်။NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ကောက်ခံရရှိထားသော ပြည်သူလူထု၏ လက်မှတ်ငါးသန်းအပေါ် တာဝန်ယူမှု၊ တာဝန်သိမှုနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။နိုင်ငံရေးပူးတွဲကြေညာစာတမ်းပါ အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ချက်တွင် ‘ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး’ အစပြုခဲ့သော ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုများမှာ ယနေ့အထိ ဆုံးခန်းတိုင်ခြင်း မရှိသေးကြောင်း၊ ဒီမိုကရေစီစံချိန်၊ စံညွှန်းများနှင့် ကိုက်ညီသော မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တက်ကြွစွာ ပုံဖော်ဆောင်ရွက်နိုင်သည့် အခြေအနေ မရှိသေးသည့်အပြင် နိုင်ငံသားဆိုင်ရာ အခြေခံအခွင့်အရေးများကိုပင် ပြည့်ဝစွာရရှိအောင် စီမံဆောင်ရွက်နိုင်မည့် အခြေအနေ မရောက်ရှိသေးကြောင်း၊ အတိတ်ကာလ ဖြတ်သန်းခဲ့ရသော ဒီမိုကရေစီရေး ခရီးလမ်းများမှာ ခက်ခဲကြမ်းတမ်းသကဲ့သို့ ပစ္စုပ္ပန်ကာလတွင် ရင်ဆိုင်ဖြတ်သန်းနေရသော အခြေအနေ အနေအထားများမှာလည်း ခက်ခဲသိမ်မွေ့သည်ဟု ဆိုနိုင်ကြောင်း စသည်တို့ကို ရေးသားထားသည်။NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ ပူးတွဲကြေညာချက်သည် မီဒီယာများ မျှော်လင့်သလို မဖြစ်ဘဲ ယခင်ကြေညာချက်များပါ အချက်များကို ပြန်လည် စိစစ်တည်းဖြတ် ပြုလုပ်ထားခြင်းဖြစ်သည်ကို တွေ့ရသည်။

Most Read

Most Recent