ပြင်ပဈေးကွက်တွင် ဒေါ်လာဆက်တိုက် မြင့်တက်လာပြီး တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၁၄၀ ဝန်းကျင်အထိ ရှိ

ပြင်ပဈေးကွက်တွင် ဒေါ်လာဆက်တိုက် မြင့်တက်လာပြီး တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၁၄၀ ဝန်းကျင်အထိ ရှိ
Published 27 May 2015
အောင်မြတ်ကို

ပြင်ပဈေးကွက်တွင် ဒေါ်လာဆက်တိုက် မြင့်တက်လာပြီး တစ်ဒေါ်လာတန်ဖိုး ကျပ် ၁၁၄၀ ဝန်းကျင်အထိ ရှိလာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ဒေါ်လာတန်ဖိုးသည် မေလနောက်ဆုံးပတ်တွင် အတက်ဘက်သို့ ဦးတည်လာခဲ့ပြီး မေ ၂၁ တွင် တစ်ဒေါ်လာတန်ဖိုး ၁၁၂၅ ကျပ်ဝန်းကျင် မေ ၂၆ တွင် တစ်ဒေါ်လာတန်ဖိုး ၁၁၃၃ ကျပ်ဝန်းကျင်တွင် ရှိခဲ့ပြီး မေ ၂၇ တွင် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ် ၁၁၄၀ ဝန်းကျင်အထိ ရောက်ရှိလာခဲ့သည်။ယနေ့ဖြစ်ပေါ်နေသော ပြင်ပဒေါ်လာတန်ဖိုးသည် မေ ၂၀ ရက်တွင် ဖြစ်ပေါ်ခဲ့သော ရောင်းဈေး ကျပ် ၁၁၄၀ ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၇ ကျပ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ပြင်ပငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုးသည် မေလ ဒုတိယ၊ တတိယပတ်များတွင် အတက်အကျ များခဲ့ပြီး မေနောက်ဆုံးပတ်တွင် အတက်သို့ ဆက်တိုက်ဦးတည်လာကြောင်း သိရသည်။မေ ၂၇ ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၀၉၀ သို့ တိုးမြှင့်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ကျပ် ၁၁၄၀ ဝန်းကျင်၊ ဝယ်ဈေး ၁၁၃၅ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၁၄၀ ဝန်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ပြည်တွင်းပုဂ္ဂလိကဘဏ် အချို့၏ တရားဝင် နိုင်ငံခြားငွေလဲ ကောင်တာများတွင် ရောင်းဈေး ၁၀၉၉ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၀၉၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market  တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent