၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီပမာဏ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးသည့်ပမာဏ ၄ ဒသမ ၂ ဘီလျံ ရှိနေ

၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီပမာဏ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးသည့်ပမာဏ ၄ ဒသမ ၂ ဘီလျံ ရှိနေ
Published 27 May 2015
အငယ်ထွေး၊ နီလာ

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးပမာဏမှာ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးယူထားသည့်ပမာဏမှာ ဒေါ်လာ ၄ ဒသမ၂ ဘီလျံရှိနေကြောင်း နေပြည်တော်ရှိ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် မေ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက သတင်းထောက်များ၏ မေးမြန်းချက်ကိုပြန်လည်ဖြေကြားသည်။
 
“ကျွန်တော်တို့ဌာနရဲ့ စာရင်းဇယားအရ နိုင်ငံခြားကြွေးမြီပမာဏဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အရဆိုရင် ပြည်ပကြွေးမြီ လက်ကျန်ဟာ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံ ရှိပါတယ်။ နိုင်ငံတကာကြွေးမြီမှာဆိုရင်တော့ တရုတ်ကြွေးမြီက ဒေါ်လာ ၄ ဒသမ၂ ဘီလျံ ရှိပါတယ်။ အတိုးနှုန်းကတော့ အနည်းဆုံး နှစ်ရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ နောက် ပဲရစ်ကလပ်ကြွေးကျန်က ၃ ဒသမ ၁၉၄ ဘီလျံရှိပါတယ်။ ကမ္ဘာ့ဘဏ် ရဲ့ကြွေးကျန်က ၈၂၁ ဒသမ ၇၈၇ သန်း၊ ADB က ၅၄၆ ဒသမ ၃၄၃ သန်း ရှိနေပါတယ်။ ပြည်တွင်းကြွေးမြီပမာဏကတော့ ကျပ် ၁၀ ဒသမ ၆၁၇ ထရီလျံ ရှိပါတယ်”ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။
 
မြန်မာနိုင်ငံတွင် လက်ရှိရေးဆွဲနေသော ဘတ်ဂျက်သည် ရသည့်ငွေကနည်းပြီး သုံးသည့်ငွေက များနေသည့်အတွက် လိုငွေပြဘတ်ဂျက် ဖြစ်နေကြောင်း၊ ထို့အတွက် လိုငွေများအား ဖြည့်ဆည်းနိုင်ရန် ပြည်တွင်းပြည်ပမှ ချေးငွေများကို ရယူဖြေရှင်းနေရကြောင်း၊ တိုင်းနှင့်ပြည်နယ်အားလုံးတွင်လည်း လိုငွေပြနေသည့်အတွက် လိုငွေပြဘတ်ဂျက်များသာဖြစ်နေကြောင်း၊ အလားတူ တိုင်းနှင့်ပြည်နယ်များအတွက်လည်း ပြည်ထောင်စုမှ ထည့်ဝင်နေရကြောင်း သိရသည်။
 
“ကျွန်တော်တို့ရဲ့ ဘတ်ဂျက်လိုငွေတွေကို ချေးငွေနဲ့ဖြည့်ဆည်းတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပြီးပါပြီ။ နိုင်ငံခြားချေးငွေ ဘယ်လောက်ရှိလဲဆိုရင်တော့ ဟိုတုန်းကယူထားတဲ့ အကြွေးလည်းရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ယူထားတဲ့အကြွေးလည်း ရှိပါတယ်။ တချို့ ပြန်ဆပ်တာတွေရှိသလို ထပ်ယူတာတွေလည်း ရှိပါတယ်”ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။
 
“နိုင်ငံတကာကြွေးမြီဟာ အစိုးရသစ်လက်ထက်မှာ ဘယ်လောက်ရှိသွားပြီလဲဆိုရင် ၂၀၁၁-၂၀၁၂ နောက်ပိုင်း ပြည်ပကြွေးမြီဟာ စာချုပ်ချုပ်ထားတာက ၃ ဒသမ ၃၈၆ ဘီလျံခန့် ရှိပါတယ်။ အဲဒီအထဲမှာ တကယ်ထုတ်ယူသုံးစွဲနိုင်တဲ့ အနေအထားကတော့ ၁ ဒသမ ၀၉၃ ဘီလျံပဲ ရှိပါသေးတယ်။ ချေးငွေဆိုတာက စာချုပ်ချုပ်တိုင်းလည်း ငွေထုတ်တာ မဟုတ်ပါဘူး။ သူ့အချိန်ကာလနဲ့သူ ထုတ်ယူသုံးစွဲပြီးတော့မှ  ပြန်ဆပ်တဲ့ကာလ၊ ဆိုင်းငံ့ကာလဆိုတာတွေ ရှိပါတယ်။ ဆိုင်းငံ့ကာလ ၁၀ နှစ်ရရင် ၁၀ နှစ်အထိကို အရင်းဆပ်စရာ မလိုသေးဘူး။ အတိုးပဲဆပ်ရတယ်။ ၁၀ နှစ်ပြည့်တော့မှ အရင်းရော အတိုးရော ဆပ်ရတယ်။ အတိုးအတွက်တာကတော့ တကယ်ထုတ်ပြီဆိုတော့မှ စပြီးတွက်တာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 

Most Read

Most Recent