အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရန် ဒေါ်အောင်ဆန်းစုကြည် တကသနှင့် ဗကသ ကျောင်းသားများအား နေပြည်တော်၌ တွေ့ဆုံ

အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရန် ဒေါ်အောင်ဆန်းစုကြည် တကသနှင့် ဗကသ ကျောင်းသားများအား နေပြည်တော်၌ တွေ့ဆုံ
Published 27 May 2015
ဝေယံဖြိုးဦး

အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများအပြင် တကသနှင့် ဗကသကျောင်းသားများအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောက်အအုံ I-12  ၌ တွေ့ဆုံခဲ့ကြသည်။
 
အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းတို့ အပါအဝင် တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြသည်။
 
“အဓိက,ကတော့ အဆင့်မြင့်ပညာရေးဆွဲရေးမှာ အဆင့်မြင့်ပညာနဲ့ နည်းပညာနဲ့ အသက်မွေးပညာကို ဘယ်လိုချိတ်ဆက် ဆောင်ရွက်ကြမလဲ။ ပထမဆုံးအဆင့်အနေနဲ့ အဆင့်မြင့်ပညာဆိုတာဘာလဲ Definition ကို Define လုပ်ရပါမယ်။ အဲဒီလိုလုပ်ရာမှာ ဒီနေ့အစည်းအဝေးတက်ရောက်လာတဲ့ ပညာရေးဌာနက ဆရာကြီး ဆရာမကြီးများရော လွှတ်တော်ဘက်က ကိုယ်စားလှယ်တော်ကြီးများရော အပြန်အလှန် ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့က လေ့လာသူအဖြစ်နဲ့ နားထောင်ရတယ်။ နောက်တစ်ကြိမ် အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာနဘက်ကရော လွှတ်တော်ဘက်ကပါ Define လုပ်လာကြတာတွေကို အပြန်အလှန်ဆွေးနွေးပြီးတော့ အကြမ်းဖျင်း အတည်ပြုပါလိမ့်မယ်။ အဓိက ကတော့ အဆင့်မြင့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာ တွဲသည်ဖြစ်စေ မတွဲသည်ဖြစ် Quality ပါပဲ။ အဲဒီ Quality အတွက်ကို ဘယ်လိုမျိုး Assurance ဖြစ်အောင်လုပ်မလဲ။ပြီးတော့ တက္ကသိုလ်တွေက Autonomy ဖြစ်လာမယ်။ Autonomy ဖြစ်လာတဲ့ တက္ကသိုလ်တွေကို ဘယ်လို Autonomous ဖြစ်အောင်လုပ်မလဲ။ 
ဘယ်လိုလည်ပတ်အောင်လုပ်မလဲ ဆိုတာတွေ အဓိကထားဆွေးနွေး ဖြစ်ပါတယ်”ဟု ဗကသများအဖွဲ့ချုပ် မြေလတ်ဒေသမှ ကိုချစ်ဝင်းမောင်က ပြောကြားသည်။
 
ဆက်လက်၍ ကိုချစ်ဝင်းမောင်က“အမျိုးသားပညာရေးဥပဒေနဲ့ အဆင့်မြင့်ပညာရေးဥပဒေ ချိတ်ဆက်မယ့်နေရာမှာ အငြင်းပွားဖွယ်မဟုတ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ရမှာတွေ ရှိပါတယ်။ အခုလက်ရှိမှာလည်း လုပ်နေပါတယ်။ အရင်တုန်းက သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနအောက်မှာ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ GTI အကုန်လုံးပါတယ်။ အခုတော့ သိပ္ပံနဲ့နည်းပညာအောက်ကနေ နည်းပညာနဲ့ အသက်မွေးပညာခွဲပြီးတော့ သင်ကြားလာတာတွေ ရှိပါတယ်။ပြီးတော့ မူလတန်းပြီးတာနဲ့တင်ပဲ အသက်မွေးလမ်းအတွက်ကို Training တွေ သင်တန်းတွေ လုပ်ဖို့ရှိနေတယ်။ ဒီကလေးတွေဟာ ၁၆ နှစ်နဲ့ Professional လိုင်းကို ရွေးဖို့ဆိုတာ မငယ်လွန်းဘူးလားဆိုတဲ့ ပြဿနာရှိတယ်။ နိုင်ငံတကာမှာဆို ၁၈ နှစ်လောက်မှ ရွေးကြတယ်။ အဲဒီတော့ အခုဟာက မူလတန်းလောက်နဲ့ တင် အဲဒီလိုမျိုး လုပ်နိုင်ပါ့မလား။ ဥပဒေတစ်ခု လုပ်တဲ့နေရာမှာ ကောင်းဖို့လည်းလိုသလို လက်တွေ့ကျဖို့လည်းလိုတယ်။ ဒါကြောင့် အပြန်အလှန်ဆွေးနွေးရမှာတွေ အများကြီးရှိပါသေးတယ်”ဟု ဆိုသည်။
 
အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က“အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲရေးအတွက်ကို အမျိုးသားပညာရေးဥပဒေ အတည်ပြုပြီးမှ လုပ်လို့ရမှာကြောင့် အခုစပြီးတော့ ခေါ်တဲ့သဘောပါ။ တော်တော်ကြာကြာ ရပ်ထားပြီးမှ ပြန်ခေါ်တာဆိုတော့ ပထမအကြိမ်ဖြစ်သွားတာပေါ့လေ။ အရင်တုန်းကတော့ အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ အခုတော့ အမျိုးသားပညာရေးဥပဒေကလည်း ပြန်လည်ပြင်ဆင်ရေးလုပ်နေပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက ဒီဥပဒေဟာ နှစ်ပတ်လောက်အတွင်းပြတ်မယ်တဲ့။ အဲဒီလို ပြတ်တဲ့အခါမှာ Sectorial Law လို့ခေါ်တဲ့ ကျန်တဲ့အဆင့်မြင့်ပညာရေးဥပဒေတို့ နည်းပညာနဲ့ အသက်မွေးပညာရေး ဥပဒေတို့၊ အခြေခံပညာရေးဥပဒေ၊ ဆရာအတတ်သင် ဥပဒေ၊ အဲဒီဥပဒေတွေကိုဆွဲဖို့ အတွက်ကို ပြန်လုပ်ရမှာ။ ဒါကြောင့်မို့လို့ ဒီအဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲရေးကော်မတီက အစည်းအဝေးပြန်ခေါ်တဲ့ သဘောပါပဲ” ဟု သတင်းထောက်များအား ပြောကြားသည်။
 
အစည်းအဝေးသို့ ကျောင်းသားကိုယ်စားလှယ်များမှ မောင်ဇေယျာလွင်၊ မောင်နန်းလင်း၊ မောင်ရဲဇာနည်ထွန်း၊ မောင်ချစ်ဝင်းမောင်၊ မောင်အောင်နေပိုင်၊ မောင်ဘုန်းပြည့်ကြွယ်၊ မောင်မင်းဟံတလမွန်၊ မောင်တင့်ထူးအောင်၊ မောင်သန့်ဇင်ထွန်း၊ မောင်မျိုးမင်းပိုင်၊ မောင်ထက်မြတ်လှိုင်၊ မအိမ့်ပိုချစ်တို့လည်း တက်ရောက်ခဲ့ကြသည်။              
 

Most Read

Most Recent