နေပြည်တော် ရှစ်မြို့နယ်တွင် ကြေညာထားသော အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိ

နေပြည်တော် ရှစ်မြို့နယ်တွင် ကြေညာထားသော အခြေခံမဲဆန္ဒရှင်စာရင်းတွင် မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိ
Published 25 May 2015
ကျော်မျိုး

နေပြည်တော် ရှစ်မြို့နယ်အတွက် အခြေခံမဲစာရင်းကို ယခုလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စာရင်းအရ မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိကြောင်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။ထုတ်ပြန်ခဲ့သော အခြေခံမဲစာရင်းအရ တပ်ကုန်းမြို့နယ်တွင် ၁၅၀,၁၇၅ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၄၉,၈၁၀ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄၈,၀၂၄ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၃၇,၂၈၈ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၁၁၀,၉၄၁ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၈၅,၁၆၃ ဦး၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁၆,၄၇၅ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၁၆,၄၅၀ ဦးရှိပြီး စုစုပေါင်း ၆၁၄,၃၂၆ ဦးရှိကြောင်း သိရသည်။အဆိုပါ စာရင်းမှာ အမြဲတမ်းနေထိုင်သည့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) စာရင်းများအရ ကောက်ခံထားခြင်းဖြစ်ပြီး မဲစာရင်းကို မေ ၂၅ ရက်မှ ဇွန် ၇ ရက်အထိ ၁၄ ရက်ကြေညာမည်ဖြစ်ကြောင်း၊ မဲစာရင်း၌ မိမိအမည် မပါရှိပါက ပုံစံ (၃) ဖြင့် လည်းကောင်း၊ အမည်၊ မှတ်ပုံတင်နံပါတ် စသည့်အချက်အလက်များ မှားယွင်းပါက ပုံစံ ၄ (ဂ)ဖြင့် လည်းကောင်း၊ ကွယ်လွန်ပြီးသူများကဲ့သို့ မဲစာရင်းတွင် မပါသင့်သူများ ပါဝင်နေပါက ပုံစံ ၄ ဖြင့် ကန့်ကွက်နိုင်ကြောင်း သိရသည်။“နေပြည်တော်မှာက အစိုးရဝန်ထမ်းတွေ မဲဆန္ဒရှင်စာရင်းမှာ ပါလားဆိုရင် ပုံစံ ၆၆ ရှိတဲ့ ဝန်ထမ်းတွေ ပါပါတယ်။ ဒါပေမဲ့ စာရင်းကောက်တဲ့အချိန်မှာ အိမ်မှာမရှိတာတွေလည်း ရှိပါတယ်။ စာရင်းမှာ မပါသေးဘူးဆိုရင်တော့ သတ်မှတ်ထားတဲ့ ပုံစံတွေအတိုင်း လျှောက်ထားနိုင်ပါတယ်” ဟု နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ထက်ကျော်က ပြောကြားသည်။“မေ ၂၄ ရက်ကတော့ ပျဉ်းမနားမှာ အသံချဲ့စက်နဲ့ လိုက်ကြေညာတယ်။ စာရင်းကတော့ ဒီနေ့မှ စကြေညာလို့လား၊ စားဝတ်နေရေး အရလားတော့ မသိဘူး။ မဲစာရင်းကြည့်သူ မရှိသလောက်ပါပဲ” ဟု ပျဉ်းမနားမြို့တွင် နေထိုင်သူ ဦးသန့်စင်က ပြောကြားသည်။လက်ရှိတွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့စည်းများ ပူးပေါင်းကာ အသိပညာပေး ဗွီနိုင်းပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent