ပြည်သူနစ်နာပြီး ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်ကိုသာကြည့်သော ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းနေရာမှ ဧက ၉၀ ခန့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည့်စီမံကိန်းအား ဆိုင်းငံ့ထားရန်လွှတ်တော်သို့ အရေးကြီးအဆို တင်သွင်း

ပြည်သူနစ်နာပြီး ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်ကိုသာကြည့်သော ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းနေရာမှ ဧက ၉၀ ခန့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည့်စီမံကိန်းအား ဆိုင်းငံ့ထားရန်လွှတ်တော်သို့ အရေးကြီးအဆို တင်သွင်း
Published 23 May 2015
ဝေယံဖြိုးဦး

ပြည်သူနစ်နာပြီး ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်ကိုသာကြည့်သော စီမံကိန်းဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်ရှိ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း မြေနေရာမှ ဧက ၉၀ ခန့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်မည့်စီမံကိန်းအား ဆိုင်းငံ့ထားရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်  မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်ထောင်စုလွှတ်တော်သို့ မေ ၂၂ ရက်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။
 
ဦးအောင်သိန်းလင်းက အရေးကြီးအဆို တင်သွင်းရာတွင်  “၁၅.၅.၂၀၁၅ ရက်နေ့ထုတ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရေကူးအသံလွှင့်စက်ရုံဟောင်းဝင်းအတွင်းမှာရှိတဲ့ မြေဧက ၉၀ ခန့်ကို ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူခဲ့ကြောင်း ဖော်ပြတာကို တွေ့ရှိရပါတယ်။ တင်ဒါစည်းကမ်းချက်ဟာ (၁၇)ချက် ထည့်သွင်းဖော်ပြထားပေမယ့် ဒါတွေကို လေ့လာသုံးသပ်လိုက်တဲ့အခါမှာ သက်ဆိုင်ရာဌာနနဲ့ ဆက်စပ်ဆက်နွှယ်မှုရှိတဲ့ ကုမ္ပဏီတစ်ခု၊ နှစ်ခုအတွက်သာ ရည်ညွန်းပြီး စည်းကမ်းချက်တွေကို ရေးဆွဲထားသလို ဖြစ်နေတာကို စိစစ်တွေ့ရပါတယ်။ ရုပ်သံလိုင်းထောင်ခွင့်အပြင် ဘယ်သူမှမရခဲ့တဲ့ သုံးနှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့် ပြည်လမ်းပေါ်က မြန်မာ့အသံဝင်းကို မြေငှားရမ်းခ ပေးစရာမလိုဘဲ အသုံးပြုခွင့်ရနေတဲ့ ကုမ္ပဏီတစ်ခုအတွက် ရည်ညွန်းပြီး စည်းကမ်းချက်တွေ သတ်မှတ်ထားသလိုဖြစ်နေတဲ့အတွက် ဒီ တင်ဒါစည်းကမ်းချက်ဟာ ကုမ္ပဏီအများစုနဲ့ မသက်ဆိုင်သလို ဖြစ်နေပါတယ်။ တင်ဒါစည်းကမ်းချက် အမှတ်စဉ်(၁၂)မှာလည်း ဈေးနှုန်းအပေါ် အခြေမခံဘဲ လုပ်ငန်းအတွေ့အကြုံနဲ့ အရည်အသွေး၊ တည်ဆောက်ပေးနိုင်တဲ့ စီမံကိန်းအရည်အသွေးတို့ကိုလည်း ထည့်သွင်းစဉ်းစားပြီး မီဒီယာလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူအပြုနိုင်ဆုံး တင်ဒါကိုသာ စိစစ်ရွေးချယ်မှာဖြစ်တယ်လို့ ဆိုထားတဲ့အတွက် ဈေးသက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ တင်ဒါ ရွေးချယ်ရေးအဖွဲ့အနေဖြင့် သူတို့ နှစ်ခြိုက်တဲ့ ကုမ္ပဏီကို စိတ်ကြိုက်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တင်ဒါအောင်မြင်ခြင်း မအောင်မြင်ခြင်းသည် တင်ဒါစိစစ်ရေးအဖွဲ့ရဲ့ လက်ထဲမှာရှိနေတယ်လို့ ဖော်ပြနေသလို ဖြစ်နေပါတယ်။ တင်ဒါခေါ်ထားတဲ့ ရေကူးအသံလွှင့်ရုံဝင်းဟောင်းဟာ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံမြို့နယ် သုံးမြို့နယ်တို့နဲ့ ဆက်စပ်နေတဲ့ ဗဟိုချက်အနီးမှာ ရှိပါတယ်။ မြို့ပြင်ထွက်ဖို့အတွက် အမှတ်(၃) လမ်းမကြီးနဲ့ မဝေးသလို အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုဖြစ်တဲ့ ဝေဇယန္တာလမ်းမကြီးပေါ်မှာ တည်ရှိပြီး ကမ္ဘာအေးဘုရားလမ်းကြီးက တစ်ဆင့် မြို့ထဲကို အလွယ်တကူသွားနိုင်တဲ့နေရာ ဖြစ်ပါတယ်။ 
ဒီမြေနေရာဟာ ကာလပေါက်ဈေးနဲ့ တွက်ပါက ကျပ်ဘီလျံပေါင်း ၃၀၀ ခန့် တန်ကြေးရှိတဲ့နေရာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ တင်ဒါအောင်မြင်သူအနေနဲ့ စက်ရုံသစ်တွေအတွက် မြေဧက ၁၅၀ အပေါ် မှာ အသံလွှင့်ရုံအသစ်နဲ့ ဝန်ထမ်းအိမ်ယာတွေကို ပြန်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့အစွန်က လယ်မြေတစ်ဧကကို သိန်း ၂၀၀ ခန့်နှင့် ဝယ်မယ်ဆိုရင် ကျပ်သုံးဘီလျံခန့်သာ ကုန်ကျမှာဖြစ်ပြီး ဝန်ထမ်းအိမ်ရာနဲ့ အသံလွှင့်ရုံအတွက် ကုန်ကျငွေဟာ ကျပ် ဘီလျံ ၄၀ သာ ကုန်ကျမှာဖြစ်တဲ့အတွက် တင်ဒါအောင်မြင်သူအနေနဲ့ ရင်းနှီးရမယ့်ငွေဟာ ကျပ် ဘီလျံ ၅၀ ခန့်သာဖြစ်တဲ့အတွက် အထက်က တင်ပြထားသလိုပဲ တင်ဒါအောင်မြင်သွားသူဟာ ကျပ်ဘီလျံ ၃၀၀  ကျော် တန်ကြေးရှိတဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာကောင်းကို ရရှိမှာဖြစ်ပြီး အကျိုးအမြတ် ဘီလျံ ၂၀၀ ကျော်အထိ ရရှိသွားနိုင်မှာ ဖြစ်သလို နိုင်ငံတော်အနေနဲ့လည်း ကျပ်ဘီလျံ ၂၀၀ ကျော်အထိ နစ်နာသွားနိုင်တယ်လို့ သုံးသပ်ရပါတယ်။ တည်ဆဲဖြစ်တဲ့ မြေသိမ်းဥပဒေမှာ ပြဋ္ဌာန်းထားတာက နိုင်ငံတော်နဲ့ အများပြည်သူအကျိုးအတွက် မြေသိမ်းရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတော်ပိုင်မြေတွေကို အသုံးပြုရာမှာလည်း နိုင်ငံတော်နဲ့ အများပြည်သူ ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းမျိုးဖြစ်သင့်ပါတယ်။ ယခု တင်ဒါစည်းမျဉ်းပါ ဆောင်ရွက်မယ့် စီမံကိန်းဟာ နိုင်ငံတော်နဲ့ အများပြည်သူအကျိုးထက် ကုမ္ပဏီအကျိုးအတွက် လတ်တလော အကျိုးအမြတ်ကို ရေရှည်အကျိုးအမြတ်တွေ အမြောက်အမြား ရရှိစေမှာဖြစ်တဲ့အတွက် ဒီတင်ဒါခေါ်ယူမှုကို ပြန်လည်သုံးသပ်ပြီး ဒီစီမံကိန်း ဆောင်ရွက်ဖို့ သင့် မသင့် ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒီလိုပွင့်လင်းမြင်သာမှုမရှိဘဲ ကုမ္ပဏီတစ်ခုသာ ရည်ညွန်းတဲ့ တင်ဒါစည်းမျဉ်းတွေ နဲ့ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းထဲက မြေ ၉၀ ဧကကို ပုဂ္ဂလိကကုမ္ပဏီကို အပိုင်ပေးလိုက်မယ်ဆိုရင်နိုင်ငံတော် အစိုးရအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ကျဆင်းသွားနိုင်ပါတယ်။ အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အနေနဲ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအကျပ်အတည်းတွေအပြင် နောက်ထပ်အကျပ်အတည်းတစ်ခု ထပ်မံတွေ့ကြုံနိုင်ပါတယ်။ အစိုးရသစ်ရဲ့ သမိုင်းမှာလည်း ဖျက်မရတဲ့ အမည်းစက်ကြီးအဖြစ် အစဉ်အဆက် တင်ကျန်နေမှာဖြစ်ပါတယ်။ ဒီမြေကို နိုင်ငံပိုင်အဖြစ် ဆက်လက်ထားရှိပြီး နိုင်ငံတော်နဲ့ အများပြည်သူအတွက် အမှန်တကယ်အကျိုးရှိစေမယ့် စီမံကိန်းများကို စဉ်းစားသင့်ပါတယ်။ ဒီတင်ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ ခေတ်ကာလအခြေအနေအရ နေရာတကာ ကွက်လပ်မှန်သမျှ ဆောက်လုပ်ဆဲ အဆောက်အအုံတွေနဲ့ ပြည်ကျပ်လာပြီး၊ ကွက်လပ်တွေ ရှားပါးလာမှုကြောင့် ပတ်ဝန်းကျင်လေထု  သန့်စင်မှုလျော့နည်းလာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာတာကို အလေးထား စဉ်းစားသင့်ပါတယ်။ ကာလတန်ကြေး မြင့်မားတဲ့ ဒီမြေဧက  ၉၀ ကို တင်ဒါခေါ်မယ့် အကြောင်းကိုလည်း ကျွန်တော်တို့လွှတ်တော်ကို တင်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။ တန်ဖိုးကြီးမားတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များက သိရှိဆွေးနွေးပြီး တရားမျှတခြင်း ရှိ မရှိ  နိုင်ငံတော်နဲ့ အများပြည်သူအကျိုး ဖြစ်၊ မဖြစ် ဝေဖန်ထောက် ပြမှုအပေါ်မှာ သုံးသပ် စဉ်းစာသင့်တဲ့အတွက် အဆိုတင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက ပြောကြားသည်။
 
“လုပ်ခွင့်ရသူက ဒီမြေကို ဖဲ့ဖဲ့ရောင်းရင် ၂၀၀ ကျော်လောက် သူတို့ မြတ်သွားမယ်။ ဘီလျံ ၂၀၀ က ၃၀၀ ကြားမြတ်မယ်။ အဲဒီလို အကျိုးအမြတ်များတယ်ဆိုတော့ ပုဂ္ဂလိက အကျိုးစီးပွားတွေ ပါလာနိုင်တယ်။ ပြည်သူ့အတွက်က အကျိုးမရှိဘူး။ မြေတန်ဖိုးက အနည်းဆုံး ဘီလျံ ၂၀၀ ကနေ ၅၀၀ လောက် အထိတန်တယ်။ မြေကို ရယူသွားမယ့်သူတွေသည် ကျွန်တော်တို့ တိုင်းရင်းသားတွေမဖြစ်မှာလည်း စိုးရိမ်တယ်။ အသေးစိတ်ကို သိချင်ရင်တော့ Eleven Media Group က ထုတ်တဲ့ သတင်းစာကို ဖတ်ကြည့်လိုက်ဗျာ” ဟု အဆိုတင်သွင်းသူ ဦးအောင်သိန်းလင်းက သတင်းထောက်များအား ပြောကြားသည်။ ၎င်းအရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်၌ မကြာမီ ဆွေးနွေးအတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။      
 
ယခုပုဂ္ဂလိကသို့ လွှဲပြောင်းရန်စီစဉ်နေသည့် မရမ်းကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း စီမံကိန်းကိစ္စကို မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းခြင်းမရှိဘဲ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။         

Most Read

Most Recent