၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြည်၏အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရန်လိုဟု PNLO ဥက္ကဋ္ဌပြောကြား

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြည်၏အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရန်လိုဟု PNLO ဥက္ကဋ္ဌပြောကြား
Published 22 May 2015

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြည်၏အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရန်လိုအပ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲရလဒ်ကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာကအစ အသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများအနက် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် တရားမျှတမှုအရှိဆုံး ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တပ်မတော်အစိုးရက ပစ်ပယ်ခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အား ပစ်ပယ်ခဲ့၍ လက်ရှိမြန်မာနိုင်ငံတွင် အထွေထွေအကျပ်အတည်းကြုံတွေ့နေရသည်ကို သင်ခန်းစာယူပြီး လူထု၏မျှော်လင့်ချက်မပျောက်အောင် လုပ်ဆောင်ရန်လိုအပ်သည်ဟု  ၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ဦးခွန်မြင့်ထွန်းကဆိုသည်။ဦးခွန်မြင့်ထွန်းက "လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၉၀ ခုနှစ်ရွေးကောက်ပွဲလိုပဲ လွတ်လပ်သန့်ရှင်းတဲ့ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေချင်တယ်။ ၁၉၉၀ ရွေးကောက်ပွဲရဲ့အားသာချက်က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ကပြဋ္ဌာန်းထားတဲ့ ဥပဒေပဲရှိတယ်။ အဲဒီတုန်းက ဘာဖွဲ့စည်းပုံအခြေခံဥပဒေမှမရှိဘူး။ အခုဟာက ရွေးကောက်ပွဲကော်မရှင်ဥပဒေအပြင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းပဲ တိုင်းပြည်အတွက် အနည်းနဲ့အများ အဟန့်အတားဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကျ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေနဲ့ လိုက်လျောညီထွေပြင်ဖို့လိုတယ်။ ပြင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းစွာ ကျင်းပပေးနိုင်ဖို့လိုတယ်။ အောင်မှတ်မပြည့်တပြည့်ရတဲ့ရွေးကောက်ပွဲကို မလိုချင်ဘူး။ ကျွန်တော်တို့လိုချင်တာက ဂုဏ်ထူးထွက်တဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်။ လွတ်လပ်သန့်ရှင်းတဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်ပြီဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်လက်ပြီးတော့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနိုင်ဖို့လိုတာပေါ့။ ရွေးကောက်ပွဲတစ်ခုသည် ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ ၉၀ တုန်းက ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ပစ်ပယ်ခဲ့တဲ့အတွက် ဒီကနေ့ ကျွန်တော်တို့ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကို သင်ခန်းစာယူဖို့လိုပါတယ်" ဟုပြောကြားသည်။PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှကိုယ်စားလှယ်ဖြစ်ပြီး မွန်ပြည်နယ် သထုံမဲဆန္ဒနယ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ယင်းအချိန်က တပ်မတော်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိခဲ့ပေ။

Most Read

Most Recent