၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနား တက်ရောက်ရန် ပြည်တွင်း၊ ပြည်ပရှိ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအပြင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်

၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနား တက်ရောက်ရန် ပြည်တွင်း၊ ပြည်ပရှိ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအပြင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်
Published 22 May 2015
ကျော်ဇင်ဝင်း

၁၉၉၀ ရွေးကောက်ပွဲ ငွေရတုအခမ်းအနား တက်ရောက်ရန် ပြည်တွင်းပြည်ပရှိ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ကြားထားကြောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ငွေရတုကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
အဆိုပါ ၁၉၉၀ ရွေးကောက်ပွဲ (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမည့် မေ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ယုဒသန်ရိပ်သာ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ကွယ်လွန်သွားပြီဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ကိုယ်စား မိသားစုဝင်များအား အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
“၁၉၉၀ ပြည့်နှစ်တုန်းက ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးစလုံးကို ကျွန်တော်တို့ ဖိတ်မှာပါ။ အဲဒီထဲမှာ ကျွန်တော်တို့နဲ့ အရင်တုန်းက ပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံက လွှတ်တော်ကိုယ်စားလှယ် တစညပါတီကပေါ့။ သူတို့ကိုလည်း ကျွန်တော်တို့ဖိတ်တယ်။ နောက်တစ်ခု ကွယ်လွန်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်လေ။ အဲဒီကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖိတ်တယ်။ နောက်တစ်ပိုင်းကတော့ သံတမန်တွေဖိတ်မယ်။ လက်ရှိအဲဒီတုန်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတဲ့ ၂၇ ပါတီရှိတယ်လေ။ ၂၇ ပါတီလုံး ဖိတ်ပါမယ်။ ၂၇ ပါတီဆိုတဲ့နေရာမှာ အရင်တုန်းကရှိပြီး အခုမရှိတော့ဘူးပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ပါတီမှာပါခဲ့တဲ့ ကျန်ခဲ့တဲ့သူတွေ ရှိသေးတယ်လေ။ အဲဒီလိုပုဂ္ဂိုလ်တွေကို သွားတွေ့ပြီး ဖိတ်ဖို့လုပ်ထားပါတယ်” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ထို့ပြင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဝါရင့်နိုင်ငံရေး သမားကြီးများလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါတီအနေနဲ့လည်း ဖိတ်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်စာကတော့ မနက်ဖြန် (မေ ၂၂) သွားဖိတ်ပါမယ်။ ဦးတင်ဦးကိုလည်းဖိတ်ပါမယ်။ NLD ခေါင်းဆောင်ပိုင်းတွေကော၊ NLD မှာ လက်ရှိ ရှိနေတဲ့ ၁၉၉၀ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်မယ်” ဟု ဦးဒေးဗစ်လှမြင့်က ဆိုသည်။
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့တွင် ဥက္ကဋ္ဌမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဖြစ်ပြီး အဆိုပါအဖွဲ့တွင် မပါဝင်သည့် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လက်ရှိတွင် ၁၉၉၀ ပြည့်နှစ်၌ ပါတီအသီးသီးမှ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀၀ ကျော် သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း သိရသည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို မေ ၂၇ ရက်တွင်ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် ယင်းရလဒ်အား စစ်အစိုးရက အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရကာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများစုမှာ အကျဉ်းချခြင်း ခံခဲ့ရသည်။         

Most Read

Most Recent