(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေး ယူရိုလေးထောင်မှ နှစ်သိန်းအထိ ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်

(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေး ယူရိုလေးထောင်မှ နှစ်သိန်းအထိ ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်
Published 13 May 2015
နေရိုင်း၊ ဇေယျာထွန်း

၂၀၁၅ ခုနှစ် ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်မည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံ ယူရိုလေးထောင်မှ နှစ်သိန်းအထိ ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။ထို့အတူ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်မျက်အတွဲများကို အခြေခံဈေးယူရို ၅၀၀ မှ ၂၀၀၀၀ ထိ တန်ဖိုးသတ်မှတ်ထားပြီး အခြေခံဈေးယူရိုငွေ ၂၀၀၀၁ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက်အတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကိုသာ ရောင်းချမည်ဖြစ်ပြီး နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များမှ တင်ပြရောင်းချလိုသည့် ကျောက်စိမ်းအတွဲ စာရင်းများကို မေ ၁ ရက်မှ ၁၀ ရက်အထိ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများကို မေ ၁၈ ရက်မှ ဇွန် ၁၀ ရက်အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့် နေရာသို့ ပြောင်းရွှေ့ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ကျောက်မျက်ရတနာပြပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီလိုင်စင် ရယူထားသူများနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် အသင်းဝင်နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့်လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။ပြပွဲတွင် ကျောက်မျက်အတွဲများကို ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲများကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ရောင်းချသွားမည် ဖြစ်သည်။(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အစီအစဉ်သည် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ တင်ပြရောင်းချရန် အပ်နှံခြင်းအပေါ် လျာထားသတ်မှတ်ထားခြင်းဖြစ်၍ ကျေက်စိမ်း၊ ကျောက်မျက် အတွဲများပြားပါက သတ်မှတ်အချိန်ထက်စော၍ အချိန်ပို ကျင်းပရောင်းချနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။