ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ၃၈ ခုကို နိုင်ငံတကာအဆင့်မီ ပြုလုပ်ရန် မကြာမီ တင်ဒါခေါ်မည်

ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ၃၈ ခုကို နိုင်ငံတကာအဆင့်မီ ပြုလုပ်ရန် မကြာမီ တင်ဒါခေါ်မည်
Published 13 May 2015
အောင်ရဲကို

ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ၃၈ ခုကို နိုင်ငံတကာအဆင့်မီပြုလုပ်ရန် မကြာမီ တင်ဒါခေါ်သွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။ဦးထွန်းအောင်သင်းက “JICA အဖွဲ့က လေ့လာထားတာတွေကို အကောင်အထည် ဖော်နေပါတယ်။ အခုလည်း ရန်ကုန်မြို့ရဲ့ ဘူတာဂိတ်တွေကို နိုင်ငံတကာနည်းတူ အဆင့်မြှင့်ဖို့ မကြာခင် တင်ဒါခေါ်သွားပါမယ်” ဟု ပြောကြားသည်။အဆင့်မြှင့်တင်ခြင်း စီမံကိန်းကုန်ကျငွေကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ထုတ်ယူသုံးစွဲသွားမည်ဟုလည်း သိရသည်။အဆင့်မီပြုလုပ်မည့် ဘူတာဂိတ်များတွင် လက်မှတ်အရောင်းဌာန၊ ဈေးဆိုင်တန်း၊ လုံခြုံမှုကို အလေးထားသည့် စနစ်များစွာ ပါဝင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း (JICA) အဖွဲ့က လေ့လာထားချက်အရ ရန်ကုန်မြို့ပတ်ရထား အမြန်နှုန်းမြှင့်တင်ရန်၊ ရထားအချိန်မှန်မှုကို လုပ်ဆောင်ရန်၊ ခရီးသည်တင်ဆောင်နိုင်မှု တိုးမြှင့်ရန်၊ ရထားလမ်းဖြတ်ကူးမှုအတွက် လုံခြုံမှုဂရုပြုရန်နှင့် ကားလမ်းပိတ်ဆို့မှုကို ရထားပို့ဆောင်ရေးစနစ်ဖြင့် အမြန်ဆုံးဖြေလျှော့နိုင်စေရန် အဓိကထား ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။ရန်ကုန်မြို့ပတ်ရထားလမ်းကို အဆင့်မြှင့်တင်မည့် စီမံကိန်းမှာ ပြေးဆွဲနေသည့် လမ်းကြောင်းကိုသာ အဓိကထား ပြုလုပ်မည်ဖြစ်ပြီး အဆောက်အအုံနှင့် လမ်းကြောင်းတည်ဆောက်မှုများ၊ အချက်ပြစနစ်၊ ဆက်သွယ်ရေးစနစ်နှင့် ကားရထားပြေးဆွဲမှုကို ပြုလုပ်ရန် စီစဉ်နေပြီဟု သိရသည်။လက်ရှိတွင် ရန်ကုန်မြို့ပတ်လမ်းကြောတွင် ပြေးဆွဲနေသည့် ရထားများအားလုံးကို အဲယားကွန်းရထားအဖြစ် အစားထိုးပြေးဆွဲမှုမှာ လာမည့်နှစ်လအတွင်း အကောင်အထည်ပေါ်လာလိမ့်မည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။ရထားပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ၎င်းတို့၏ဌာန စီးပွားတိုးတက်မှုကိုလည်း အဓိကထားဆောင်ရွက်မည်ဟု ကြေညာပြီးနောက်တွင် ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာအဆင့်မီပြုလုပ်ရန် တင်ဒါခေါ်ယူထားခြင်း၊ ရထားများတွင် ကြော်ငြာလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ ရထားဝန်ကြီးဌာနပိုင် အဆောက်အအုံများကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။