မေ ၁၂ ရက် ပြည်တွင်းဒေါ်လာပေါက်ဈေး ၁၁၃၅ ကျပ် အထိ ရောက်ရှိသွားပြီး ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တစ်ခုက ဒေါ်လာအမြောက်အမြား လိုက်လံဝယ်ယူနေခြင်းကြောင့် သိသိသာသာတက်လာခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်

မေ ၁၂ ရက် ပြည်တွင်းဒေါ်လာပေါက်ဈေး ၁၁၃၅ ကျပ် အထိ ရောက်ရှိသွားပြီး ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တစ်ခုက ဒေါ်လာအမြောက်အမြား လိုက်လံဝယ်ယူနေခြင်းကြောင့် သိသိသာသာတက်လာခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်
Published 13 May 2015
အငယ်ထွေး၊ အောင်မြတ်ကို

အခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး သိသိသာသာမြင့်တက်လာခြင်းသည် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ်ဘဏ်မှ ဒေါ်လာငွေ အမြောက်အမြား လိုက်လံဝယ်ယူနေသောကြောင့် ဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။
 
“ဒေါ်လာဈေးတွေထပ်ပြီး တက်နေတယ်ဆိုတာက ပြည်တွင်းက နာမည်နှစ်လုံးနဲ့ဘဏ်ပဲ။ သူက ဈေးကွက်ထဲက ရသလောက် လိုက်ဝယ်နေတယ်။ ဒါကြောင့်တက်တာလို့ ကျွန်တော်တို့တော့ ထင်တာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ 
 
ဒေါ်လာဈေးနှုန်းများသည် လက်ရှိအချိန်တွင် သိသိသာသာ ထိုးတက်လာပြီး ပြီးခဲ့သည့် မေ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၃၀ ဖြင့် ပိတ်သွားခဲ့ကြောင်း ပြီးခဲ့သည့် မတ် ၁၁ ရက်တွင် ကျပ် ၁၀၇၀ သာရှိခဲ့သောကြောင့် နှစ်လအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၆၀ မြင့်တက်သွားခဲ့ကြောင်းလည်း သိရသည်။ 
 
ယင်းကဲ့သို့ ဒေါ်လာဈေးမြင့်တက်လာမှုအပေါ် နိုင်ငံတကာတွင် ဒေါ်လာဈေး မာနေသောကြောင့်လည်းကောင်း၊ ပြည်တွင်းတွင် ဈေးကစားလိုသောကြောင့် လည်းကောင်း၊ အိမ်ခြံမြေဈေးကွက် ပျက်လာခြင်းကြောင့် လည်းကောင်း၊ သွင်းကုန်များနေသောကြောင့် လည်းကောင်း၊ လစာတိုးပေးခြင်းကြောင့်လည်း အမျိုးမျိုးဝေဖန်သုံးသပ်ကြသည်။ နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာဈေးမာသောကြောင့် ပြည်တွင်းဈေးကွက်တွင် မာနေသည်ဆိုသည့် အမြင်နှင့် ပတ်သက်လျှင်မူ ပြည်တွင်းတွင် လက်ရှိဖြစ်နေသည့် အနေအထားသည်   နိုင်ငံတကာဈေးကွက်ထက် အဆပေါင်းများစွာ မြင့်တက်နေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
 
“ဟိုတုန်းက ကားဈေးကွက်ပျက်တော့ လူတွေ အိမ်ခြံမြေဈေးကွက်ကို ရောက်သွားတယ်။ ရွေတော့ သိပ်မကိုင်ဘူး။ အနည်းအကျင်းလောက်ပဲ ကိုင်ကြတယ်။ ကမ္ဘာ့ရွှေဈေး သိပ်မတက်တာလည်းပါတယ်။ အခုတော့ အိမ်ခြံမြေဈေးကွက်က ပြန်ကျလာတဲ့ သဘာရှိတော့ ဒေါ်လာကိုကိုင်တာပေါ့။ အမေရိကန် ငွေကြေးလည်းမာတယ်။ သွင်းကုန်တွေလည်း များနေတယ်ဆိုတော့ ဒေါ်လာက လိုကိုလိုမှာ။အခုအချိန်မှာ ဒါကြောင့် ပြောင်းကိုင်လာကြတာ။ ဆိုတော့ ဈေးကစားတဲ့ သဘောတွေ ပါလာတာပေါ့။ မနေ့ကတော့ ဗဟိုဘဏ်က ခေါ်ပြီးအရေးယူမယ် ဘာညာပြောတယ်ဆိုတော့ ဒီနေ့တော့ ဘယ်လိုလာမလာမသိဘူး။ မပြောတာထက်စာရင်တော့ ဗဟိုဘဏ်က တစ်ခုခုပြောသင့်တယ်”ဟု မြန်မာစီးပွားရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။ 
 
မေ ၁၂ ရက် ဈေးကွက်အခြေအနေကို လေ့လာကြည့်ပါက  မွန်းလွဲ(၁၂ နာရီ ခွဲအချိန်) တွင် စဖွင့်လိုက်သည့်ဈေးမှာ ဝယ်ဈေးကျပ် ၁၀၃၀ နှင့်ရောင်းဈေး ကျပ် ၁၀၃၄ ဖြစ်နေကြောင်း၊ ပြည်ပပို့ကုန်မှ ရငွေ Earning ဈေးမှာ ကျပ် ၁၀၃၁ ဖြစ်နေကြောင်း သတင်းရရှိသည်။
 
“ ဒေါ်လာဈေးတက်လို့ လူတွေက ဝယ်စုတယ်။ ဈေးကစားတာပေါ့။ အဲဒီက အကျိုးအမြတ်လိုချင်တယ်။ ဝယ်စုလို့ ထပ်တက်တယ်။ ဆိုတော့ သွင်းကုန်တွေတော့ ထပ်တက်ဦးမှာပေါ့။ စားသုံးသူကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ ကိစ္စပဲ။ နိုင်ငံတော်အနေနဲ့လည်း မပေါ့ဆအပ်ဘူး။ အခုပြောတဲ့ ဘဏ်ဆိုရင် သူက အာဏာပိုင်နဲ့ပေါင်းပြီး အကျိုးစီးပွားရှာတယ်လို့ နာမည်ကြီးတဲ့ဘဏ်ပဲ။ ဒါတွေကို ဘယ်မျက်နှာမှ မထောက်ဘဲ အပြတ်ရှင်းသင့်တယ်” ဟု စီးပွားရေးပညာရှင်တစ်ဦးက ဆိုသည်။
 
 မြန်မာနိုင်ငံ၏ ငွေကြေးစီးဆင်းပုံကို လေ့လာကြည့်ပါက တရားဝင်ဖြစ်သော Regulated Financial Institution များတွင် ဖြတ်သန်းစီးဆင်းသော ပမာဏထက်  Unregulated Financial Institution များတွင် လည်ပတ်နေသောပမာဏ ပိုများနေကြောင်း၊ အချိုးအဆအားဖြင့် ၄၀ ၊ ၆၀ လောက်ရှိနေကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ဘဏ်များကပါ  တရားမဝင်ဒေါ်လာဈေးကွက်တွင် ဝင်ရောက်ကစားမည်ဆိုပါက ငွေကြေးဈေးကွက် ပျက်သွားနိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
 
ယင်းကဲ့သို့ဒေါ်လာဈေး သိသိသာသာ မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းရှင်များအား ပြီးခဲ့သည့် မေ ၁၁ ရက်တွင် ခေါ်ယူသတိပေးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ 
ဗဟိုဘဏ်အနေဖြင့် နေ့စဉ်သတ်မှတ်ပေးထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းအတိုင်း ရောင်းချခြင်းမရှိဘဲ သတ်မှတ်ဈေးနှုန်းထက် တင်ရောင်းချသည့် ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲကောင်တာများကို ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွား မည်ဟု ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ 
 
ဗဟိုဘဏ်အနေဖြင့် နေ့စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းအား သတ်မှတ်ပေးနေပြီး ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲကောင်တာများကို ဗဟိုဘဏ်သပ်မှတ်နှုန်းထက် ရောင်းဈေးတွင် ၀ ဒသမ  ၈ ရာခိုင်နှုန်းသာ ပိုရောင်းရန်နှင့် ဝယ်ဈေးအား သတ်မှတ်နှုန်းထားထက် ၀ ဒသမ ၈ ရာခိုင်နှုန်း လျှော့ဝယ်ရန် သတ်မှတ်ထားကြောင်းနှင့် မေ ၁၂ ရက်မှာ ဗဟိုဘဏ် ရည်ညွှန်းဈေးမှာ ကျပ် ၁၀၈၀ ဖြစ်ကြောင်း သတင်းရရှိသည်။ 
 
“ဒီနေ့ ဒိုင်ကြီးတွေကတော့ ၁၂ နာရီ ခွဲနောက်ပိုင်းမှ အရောင်းအဝယ်ဈေးကွက်ကို ဖွင့်တယ်။ အရွက်ဈေးကတော့ ဝယ်အားကရှိနေတော့ အရောင်းဖြစ်နေတယ်။ Earning သမားတွေကတော့ ဈေးဆက်တယ်။ ဒါပေမဲ့ အရောင်းအဝယ်တော့ ဖြစ်နေသေးတယ်။ တချို့လည်း သိပ်ဈေးတက်လာတော့ မဝယ်ရဲတော့ဘူး”ဟု ဒေါ်လာအရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
 
မေ ၁၂ ရက် နိုင်ငံတကာ ငွေကြေးများနှင့် ဒေါ်လာလဲလှယ်မှု ဈေးနှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် ယူရို ၀ ဒသမ ၈၉ ဖြင့် လည်းကောင်း၊ ပေါင်စတာလင်ဖြင့် ၀ ဒသမ ၆၄၂ ဖြင့် လည်းကောင်း၊ အိန္ဒိယ ရူပီး ၆၄ ဒသမ ၁၉၄ ဖြင့် လည်းကောင်း၊ သြစတြေး လျ ဒေါ်လာ ၁ ဒသမ ၂၆၀ ဖြင့် လည်းကောင်း၊ ကနေဒီယန်ဒေါ်လာ ၁ ဒသမ ၂၀၉ ဖြင့် လည်းကောင်း၊ စင်ကာပူဒေါ်လာ ၁ ဒသမ ၃၃၈ ဖြင့် လည်းကောင်း၊ Swiss franc  ၀ ဒသမ ၉၃၂ ၊ မလေးရှား ရင်းဂစ် ၃ ဒသမ ၆၂၂ ဖြင့် လည်းကောင်း၊ ဂျပန်ယန်း ၁၂၀ ဒသမ ၁၈၃ ဖြင့်လည်းကောင်း၊ တရုတ်ယွမ် ၆ ဒသမ ၂၀၈ ဖြင့်လည်းကောင်း ညီမျှနေကြောင်း သိရသည်။
 
“ကျွန်တော်တို့ ဒေါ်လာဈေးကစားတာနဲ့ ပတ်သက်ပြီး မနေ့က ခေါ်ယူသတိပေးပါတယ်။ အခုက ပုံမှန် Demand နဲ့ Supply ကြောင့်မဟုတ်ဘဲ ဈေးကစားတဲ့အတွက် ဒီလိုတွေဖြစ်နေတာပါ။ ဒီလိုဈေးကစားတဲ့အထဲမှာ ဘဏ်တွေ ပါဝင်ပတ်သက်မှုမရှိဖို့လည်း ခေါ်ယူသတိပေးထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ဆွေးနွေးနေပါတယ်။ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါလောက်တော့ ဘာတွေဆက်လုပ်သွားမယ်ဆိုတာ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
 
ပြင်ပတွင် ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ် သော CB ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်အား ဆက်သွယ်မေးမြန်းရာ CB ဘဏ်အနေဖြင့် ဒေါ်လာများ ဝယ်ယူနေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ဗဟိုဘဏ်၏ သတ်မှတ်စည်းကမ်းများအတိုင်းသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပြင်ပတွင် သတင်းထွက်ပေါ်နေခြင်းများမှာ မမှန်ကြောင်း The Daily Eleven သတင်းစာသို့ မေ ၁၂ ရက် ညနေပိုင်းက ပြန်လည်ဖြေကြားခဲ့သည်။