ကမ္ဘာ့ရော်ဘာဈေးနှင့် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ကျပ် ၇၀၀ ပေါက်ဈေးရှိပြီး တစ်နှစ်အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ

ကမ္ဘာ့ရော်ဘာဈေးနှင့် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ကျပ် ၇၀၀ ပေါက်ဈေးရှိပြီး တစ်နှစ်အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ
Published 11 May 2015
ချမ်းမြေ့သူ

ကမ္ဘာ့ရော်ဘာဈေးနှင့် ဒေါ်လာဈေးမြင့် တက်မှုကြောင့် ပြည်တွင်းရော်ဘာ တစ်ပေါင်လျှင် ကျပ် ၇၀၀ သို့ရောက်ရှိလာပြီး တစ်နှစ်အတွင်း အမြင့်ဆုံးဈေး ဖြစ်လာကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။
ပြည်တွင်းရှိ ရော်ဘာဈေးနှုန်းများမှာ နှစ်နှစ်ဆက်တိုက် ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်နေပြီး တစ်ပေါင်လျှင် ကျပ် ၅၀၀၊ ကျပ် ၆၀၀ ဝန်းကျင်သာ ဈေးရှိခဲ့ပြီး ယခုမေလအတွင်း တစ်ပေါင်လျှင် ကျပ် ၇၀၀ သို့ ဈေးမြင့်ခဲ့ပြီး အမြင့်ဈေး၌ပင် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
“အရင်က ဈေးတက်ရင် တစ်ရက်နှစ်ရက်လောက်ပဲတက်ပြီး ပြန်ကျသွားတယ်။ အဲဒါကလည်း ၅၀၀ ကနေ ၆၀၀ ဝန်းကျင်လောက်တက်တာ။ အခုက တစ်ပေါင်ကို ၇၀၀ အထိတက်လာပြီး ဈေးငြိမ်နေတယ်။  ၂၀၁၄ နိုဝင်ဘာနောက်ပိုင်းကနေ အခုချိန်ထိကို အမြင့်ဆုံးဈေးလို့ ပြောလို့ရတယ်။ ဈေးကအခုမှ တက်လာတာဆိုတော့ လက်ရှိလုပ်နေတဲ့ခြံတွေတော့ အကျိုးအမြတ်ရမှာပေါ့။ ဒါပေမဲ့ခြံပိတ်ရာသီ နီးနေပြီဆိုတော့ အစေးလှီးရက်က ၂၀၊ ၂၅ လောက်ပဲရှိတော့တာ” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။
ကမ္ဘာ့ရော်ဘာပေါက်ဈေးမှာ ယခင်က RSS 3 အမျိုးအစား တစ်တန်လျှင် ဒေါ်လာ ၁၆၀၀ ဝန်းကျင်ရှိရာမှ ယခုအခါ ဒေါ်လာ ၁၈၀၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌မူ RSS 3 အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၅၀၀၊ ကျပ် ၆၀၀ ဝန်းကျင်မှ ယခုအခါ ကျပ် ၇၀၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးတက်တော့ ရောင်းတဲ့အခါဈေး ပိုရတယ်။ ဒါပေမဲ့ အခုချိန်က အထွက်နှုန်းကျနေတဲ့ အချိန်ဖြစ်နေတယ်။ အရင်က ပေါင် ၁၀၀ လောက်ထွက်ရင် အခုပေါင် ၆၀ လောက်ပဲထွက်တော့တယ်။ ဒါက ခြံငယ်ပေါ့” ဟု မွန်ပြည်နယ်ရှိ ရော်ဘာခြံငယ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွင်းက ရော်ဘာဈေးနှုန်း ကျဆင်းခဲ့သည့်အတွက် ရော်ဘာခြံငယ် လုပ်ငန်းရှင်အချို့မှာ ထုတ်လုပ်မှုစရိတ်အောက်သို့ ရောက်ရှိသဖြင့် ခြံပိတ်ရာသီမတိုင်ခင် ခြံပိတ်ကာ အစေးလှီးရပ်နားမှုများ ရှိခဲ့ကြောင်း သိရသည်။