ပြည်တွင်းအခေါက်ရွှေဈေး မေ ၁၁ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ ကျော်သို့ မြင့်တက်လာ

ပြည်တွင်းအခေါက်ရွှေဈေး မေ ၁၁ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ ကျော်သို့ မြင့်တက်လာ
Published 11 May 2015
ချမ်းမြေ့သူ

မေလပထမပတ်အတွင်း တက်ရိပ်ပြခဲ့သည့် ပြည်တွင်းအခေါက်ရွှေဈေးမှာ မေ ၁၁ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ ကျော်သို့ မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ယခင်က တစ်ကျပ်သားလျှင် ကျပ် ၆၈၅၀၀၀ ရှိသည့် အခေါက်ရွှေဈေးမှာ မေ  ၈ ရက်တွင် ကျပ် ၆၉၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး ဈေးအနည်းငယ် မြင့်တက်ခဲ့ကာ မေ ၁၁ ရက်၌ ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
“ရွှေဈေးက ဒီနေ့အဖွင့်ဈေးမှာ တစ်ကျပ်သားကို ကျပ် ၇၀၁၂၀၀ ရှိတယ်။ ဈေးတက်ရတဲ့ အကြောင်းကတော့ မြန်မာငွေနဲ့လဲလှယ်တဲ့ ဒေါ်လာဈေးမြင့်လို့ပါ။ ဈေးကွက်ထဲမှာတော့ ရောင်းလိုအားထက် ဝယ်လိုအား ပိုများနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
နိုင်ငံတကာရွှေဈေးမှာမူ သိသာစွာ ပြောင်းလဲမှုမရှိဘဲ မေ ၃ ရက်က တစ်အောင်စလျှင် ဒေါ်လာ ၁၁၇၄ ရှိခဲ့သည့် ကမ္ဘာ့ရွှေဈေး မှာ မေ ၁၁ ရက်တွင် တစ်အောင်စလျှင် ဒေါ် လာ ၁၁၈၇ ကျော်သို့ အနည်းငယ်မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်အတွင်း၌ ပြည်တွင်းရွှေဈေးမှာ နိုင်ငံတကာဈေးနှင့်အတူ လိုက်ပါကျဆင်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းထက် မပိုသည့်ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ဇန်နဝါရီ ဒုတိယပတ်အတွင်းက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ကျပ်သား ကျပ် ၆၉၀၀၀၀၊ ကျပ် ၆၈၀၀၀၀၊ ကျပ် ၆၆၀၀၀၀ အထိ အသီးသီးကျဆင်းခဲ့ပြီး ဧပြီလနောက်ဆုံးပတ်တွင် တစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀ ကျော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေသန့်စင်ခြင်း လုပ်ငန်းများနှင့် ရွှေဆိုင်အများအပြား ရှိခြင်းကြောင့် ဒေသအသီးသီးမှ ထွက်ရှိသည့် ရွှေများသည် ရန်ကုန်ဈေးကွက် အတွင်းသို့ ဝင်ရောက်မှုများကာ အရောင်းအဝယ် ပြုလုပ်မှုလည်းများကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မေ ၁၁ ရက်တွင် နိုင်ငံတကာဈေးကွက်၌ ရွှေတစ်အောင်စလျှင် ၁၁၈၆ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀၀ နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၂၀၀၀ ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။