နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများပါဝင်မည့်ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်

နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများပါဝင်မည့်ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်
Published 8 May 2015
ဇာလီမြင့်ဦး

နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်မည့် ဆွေးနွေးပွဲကို မေ ၉ ရက်(ယနေ့)တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲအား "အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး" ဆိုင်ရာဆွေးနွေးပွဲဟု အမည်ပေးထားကာ ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့မှ ခေါင်းဆောင်များလည်း တက်ရောက်သွားမည်ဖြစ်သည်။ထို့ပြင် နိုင်ငံရေးပါတီ ၇၀ ကျော်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ကာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးလုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေမှုများကို ရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲ၌ နိုင်ငံရေးပါတီအချို့ကလည်း ၎င်းတို့ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကကျရောက်သည့် ပြည်ထောင်စုနေ့တွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ၁၅ ဦး၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်သုံးဦး၊ တပ်မတော်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ သုံးဦး၊ နိုင်ငံရေးပါတီ ၅၅ ပါတီ၊ တိုင်းရင်းသားရေးရာဝန်ကြီး၂၉ ဦးနှင့် KNU၊ RCSS တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များက "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ" ကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Most Read

Most Recent