၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းရရှိရာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု နောက်ဆုံးဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ထက် ၈၅၄ သန်း လျော့နည်း

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းရရှိရာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု နောက်ဆုံးဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ထက် ၈၅၄ သန်း လျော့နည်း
Published 7 May 2015
နီလာ

၂၀၁၄ ခုနှစ် မတ် ၃၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုရပ်ဆိုင်း ခဲ့သည်။ ယင်းနောက် ပြည်ပသို့ သစ်အချော ထည်ပစ္စည်းများကိုသာ  တင်ပို့ခွင့်ပြုခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၄သန်းရရှိမှုသည် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုနောက်ဆုံးဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ထက် ၈၅၄ သန်း လျော့နည်း ကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင်မူ ပြည်ပသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၄၈ သန်းရရှိခဲ့ခြင်းဖြစ် သည်။
“ပြီးခဲ့တဲ့၂၀၁၄-၂၀၁၅ နှစ်မှာ ပြည်ပကို သစ်တောထွက်ပစ္စည်း တင်ပို့မှုကနေ ဒေါ်လာ  ၉၄ သန်းရရှိခဲ့တာ ဖြစ်ပါတယ်” ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပြည်ပကို သစ်တင်ပို့မှုလျှော့ချတယ် ဆိုတဲ့နေရာမှာ ရောထွေးမသွား စေချင်ပါဘူး။ အလုံးလိုက် ဆိုလိုတာက ကုန်ကြမ်းအတိုင်း ရောင်းတဲ့စနစ်ကိုတော့ ရပ်ခဲ့ပြီပေါ့။ ကုန် ကြမ်းမဟုတ်တဲ့ တစ်ဝက်တစ်ပျက် အချော ထည်ပစ္စည်း၊ အချောထည်ဖြစ်ပြီးသား ပစ္စည်းတွေကိုတော့ တင်ပို့သွားမှာဖြစ်ပါတယ်။ အဓိက,ကတော့ ထုတ်လုပ်တဲ့ အပိုင်းကို အရေအတွက်ကို ပုံမှန်နှစ်များ ထုတ်လုပ်တာထက်ကို ထက်ဝက်လောက် လျှော့ချခဲ့ပြီး ဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သစ်မာတန်ပေါင်း ၄၇၆၀၁၉ တန်နှင့် အစိုးရသစ်လက်ထက်တွင် သစ်မာတန် ၂၂၆၇၈၂ တန် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါအဝင် သစ်တောထွက် ပစ္စည်းများအား ဒေါ်လာသန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနှင့် အထပ်သား၊ အခြားသစ်တောထွက် ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုးနှင့် နယ်စပ်စခန်းများမှ ၃၁ ဒသမ ၄၁၆ သန်းဖိုးအထိ တင်ပို့ခဲ့သည်။
ပြည်ပသို့ အများဆုံးတင်ပို့ခဲ့သည့် သစ်တောထွက်ပစ္စည်းမှာ ကျွန်းသစ်လုံးဖြစ်ပြီး ၆၃၈ ဒသမ ၃၇၇ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရသည်။ ကျွန်းသစ်ခွဲသားများအား တန်ချိန်ပေါင်း ၃၄၃၂၈ တန်အထိ တင်ပို့ခဲ့ပြီး ဒေါ်လာ ၃၁ ဒသမ ၅၅၂ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရသည်။