စပိန်အခြေစိုက် MeLia Hotels International က ရန်ကုန်မြို့တွင်း ဟိုတယ်တည်ဆောက်ရန် စီစဉ်နေ

စပိန်အခြေစိုက် MeLia Hotels International က ရန်ကုန်မြို့တွင်း ဟိုတယ်တည်ဆောက်ရန် စီစဉ်နေ
Published 6 May 2015
အောင်ရဲကို

စပိန်အခြေစိုက် MeLia Hotels International က ရန်ကုန်မြို့တွင်း ဟိုတယ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။MeLia Hotels International ၏ ထုတ်ပြန်မှုအရ ၎င်းတို့အနေဖြင့် အရှေ့တောင်အာရှဈေးကွက်ကို ပိုမိုတိုးမြှင့်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံအတွင်း ဟိုတယ်လုပ်ငန်းများကိုလည်း ၎င်းတို့အနေဖြင့် အာရုံစိုက်ထားကြောင်း သိရသည်။ရန်ကုန်မြို့တွင်း နေရာတစ်ခုဖြစ်သော Inya Lake အနီးတွင် ဟိုတယ်အသစ်တစ်ခု တည်ဆောက်နိုင်ဖွယ်ရှိကြောင်း Melia  Hotels International မှ ထုတ်ပြန်ခဲ့သည်။အခန်းပေါင်း ၂၉ ခန်း ပါရှိမည်ဖြစ်ကာ လက်မှတ်ရေးထိုးခန်း၊ Sparoom၊ စားသောက်ခန်းနှင့် ကျယ်ဝန်းသော အစည်းအဝေးခန်းမများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ဒေါ်လာ သန်း ၄၄၀ တန်ကြေးရှိ ကြယ်ငါးပွင့်ဟိုတယ်အတွက် ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International တို့ ပူးပေါင်းမှုကို ပြုလုပ်ထားပြီး ဖြစ်သည်။ယင်းပူးပေါင်းမှုမှာ Melia Hotels International က စီမံခန့်ခွဲမှုအပိုင်းကို အဓိကဦးစီး လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။အရှေ့တောင်အာရှ ဒေသတွင်းဖြစ်သော ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် Melia Hotels International မှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်မှုတွင် ပါဝင်သည်။Melia Hotels International သည် နိုင်ငံပေါင်း ၃၀ ကျော်တွင် ဟိုတယ်တည်ဆောက်မှုများနှင့် ဟိုတယ်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် လုပ်ဆောင်နေကာ ဟိုတယ် ၃၅၁ လုံးနှင့် ချိတ်ဆက်လုပ်ကိုင်နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်အလုံးရေမှာ ၄၇ လုံးအထိရှိပြီး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံထိရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားထားသည်။