သုံးရက်ဆက် ကျင်းပခဲ့သည့် အိမ်ခြံမြေ အရောင်းပြပွဲတွင် ပြခန်းအများစု လက်တွေ့ရောင်းချရမှု မရှိသလောက်နည်းပါး

သုံးရက်ဆက် ကျင်းပခဲ့သည့် အိမ်ခြံမြေ အရောင်းပြပွဲတွင် ပြခန်းအများစု လက်တွေ့ရောင်းချရမှု မရှိသလောက်နည်းပါး
Published 4 May 2015
ထက်သျှိုင်း၊ သန်းထိုက်အောင်

မေ ၁ ရက်မှစတင်ကာ ၃ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် သုံးရက်ဆက်တိုက် ကျင်းပခဲ့သည့် အိမ်ခြံမြေအရောင်းပြပွဲတွင် ပြခန်းအများစု လက်တွေ့ရောင်းချရမှု မရှိသလောက်နည်းပါးကြောင်း သိရသည်။
အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီးတွင် အဆင့်မြင့်အိမ်ရာ အခန်းများ၊ ရုံးခန်းများ၊ ဆိုင်ခန်းများ၊ ကွန်ဒိုနှင့် တိုက်ခန်းရောင်းချမှု များအပြင် အိမ်ခန်းအလှဆင်ပစ္စည်းများ၊ အိမ်တွင်း ပရိဘောဂများရောင်းချသည့် ပြခန်းများပါဝင်ပြီး အဆိုပါပြပွဲတွင် ကုမ္ပဏီ ပေါင်း ၄၀ ကျော် ပါဝင်ပြသခဲ့ပြီး အိမ်ခြံမြေ အကြောင်း သိကောင်းစရာ ဟောပြောပွဲကို လည်း ပြုလုပ်ခဲ့ကြသည်။
“ဝယ်နိုင်စွမ်းအား မရှိရတဲ့အကြောင်းရင်းကတော့ အိမ်ခြံမြေတွေကလည်း ဈေးထပ်မတက်လာတော့ ငွေတွေက မြုပ်နေတယ်။ ဒီကြားထဲ ဘဏ်ကနေ ငွေချေးထားတော့ အတိုးပါ သတ်နေရတယ်။ ဒီမှာပြန်ပြီး ရင်းနှီးမြှုပ်နှံဖို့က မရှိဘူး။ နိုင်ငံခြားငွေအရင်းအမြစ်တွေ မြန်မာပြည်ထဲ ဝင်လာရင်တော့ ကောင်းမှာပေါ့။ ဒီလိုပိုက်ဆံပေါပေါ များများရှိမှ ဒီအခန်းတွေက ရောင်းရမှာလေ။ လူတွေအများစု အခုကြုံနေရတာက နေစရာမရှိဘူး။ လိုတာက တန်ဖိုးနည်း အိမ်ရာတွေလိုတာ။ တို့က ဒီလိုမြေဈေးကြီးနဲ့ရထားတဲ့ တန်ဖိုးနည်းနည်းနဲ့ ဆောက်စရိတ်တောင် မကာမိဘူးဆိုရင် ရောင်းလို့မရဘူးလေ။ လိုအပ်ချက်နဲ့ တခြားစီဖြစ်နေတယ်။ အခြေခံအဆောက်အအုံ တစ်ခုဖြစ်တဲ့ လျှပ်စစ်မီး လိုအပ်ချက်ကိုလည်း မဖြည့်ဆည်းပေးနိုင်ဘူးဆိုတော့ နောက်ထပ်ကုန်ကျစရိတ်တွေ ထပ်ထွက်လာတာပေါ့” ဟု Asia Myanmar Consortium Development ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ခိုင်က ပြောကြားသည်။
အဆိုပါ ပြပွဲသုံးရက်တာ ကာလအတွင်း လာရောက်သူဦးရေ တစ်သောင်းကျော်အထိ ရှိခဲ့ပြီး ဖွင့်ပွဲပထမနေ့တွင် စိတ်ဝင်စားမှုများခဲ့ကာ ကျန်ရက်များတွင် လာရောက်သူဦးရေ လျော့ကျခဲ့ကြောင်း သိရသည်။
“ဒီပွဲမှာကျတော့ ကျွန်မတို့ တိုက်ခန်းတွေက သိန်းထောင်ကျော်တဲ့ အခါကျတော့ လာတဲ့လူတွေ အများစုကတော့ လေ့လာကြတာပဲရှိတယ်။ ဒီပွဲပြီးလို့ နောက်ရက်တွေကျရင် လာဆွေးနွေးမယ် လို့တော့ပြောတယ်။ တန်ဖိုးနည်းတဲ့ တိုက်ခန်းတွေဆိုရင်တော့ လူတွေက ချက်ချင်းဆုံးဖြတ်လို့ ရတယ်လေ။ သိန်းထောင်ချီတဲ့ တိုက်ခန်းတွေကျတော့ သူတို့ကို စဉ်းစားချိန် ပေးရသေးတာပေါ့” ဟု ဒေါ်လှလှဌေးက ပြောကြားသည်။
ရောင်းချခဲ့ရသည် အခန်းအရေအတွက်ကို ထုတ်ဖော်ပြော၍မရကြောင်း လာမည့် အိမ်ခြံမြေပွဲများတွင်လည်း စပွန်ဆာအနေဖြင့် ထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း Time City ပရောဂျက်မှ အရောင်းမြှင့်တင်ရေး မန်နေဂျာ ဒေါ်နန်းစန္ဒာဝင်းက ပြောကြားသည်။
အဆင့်မြင့်ကွန်ဒိုနှင့် တိုက်ခန်းစီမံကိန်း အများစုသည် ဆောက်လုပ်ဆဲ အဆင့်တွင်သာရှိပြီး အချို့မှာ စီမံကိန်းတစ်ဝက်ခန့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
Capital Development ကုမ္ပဏီမှ ဈေးကွက်မြှင့်တင်ရေးနှင့် အရောင်းတာဝန်ခံ Mr.Jeffrey Yeap က “ဒီပြပွဲမှာ ကျွန်တော်တို့အတွက် အလားအလာရှိတဲ့ ဝယ်သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ ရလာပါတယ်။ စိတ်ဝင်စားတဲ့ သူတွေကလည်း ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူဖို့ရှာဖွေနေတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင် အိမ် ခြံမြေဈေးကွက်ရဲ့ ဝယ်လိုအားကလည်း နှေးနေတယ်။ တုံ့ပြန်မှုကလည်း မရှိသလောက် ဖြစ်နေတယ်။ အခုလို ပြပွဲမှာ စိတ်ဝင်စားမှု တွေပြန်ရှိလာတာက ကောင်းမွန်တဲ့အချက်ပြမှုပါပဲ။ G.E.M.S  အဆင့်မြင့်အိမ်ရာ စီမံကိန်းရဲ့ ကျန်ရှိတဲ့ အဆောက်အအုံ နှစ်လုံးကလည်း ၂၀၁၅ ဇူလိုင်မှာ ပြီးစီးမှာဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ် မတ်လမှာ ကျွန်တော်တို့ရဲ့ ဝယ်ယူသူတွေကို အိမ်ခန်းတွေ လွှဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲမှာ စုံစမ်းမှုတွေ အများကြီးရတယ်။ လာစုံစမ်းတဲ့သူတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရှိတဲ့ ရုံးခန်းကိုလာပြီးတော့ လေ့လာဖို့ဝယ်ယူဖို့ ဖိတ်ခေါ်ထားပါတယ်။ ပျမ်းမျှဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ဒေါ်လာ ၂၅၀ ခန့် ကျသင့်ပါမယ်” ဟု ဆိုသည်။
အချို့သော အဆင့်မြင့်အိမ်ရာ စီမံကိန်းရှိ အခန်းအများစုမှာ ရောင်းချပြီးဖြစ်သော်လည်း ယင်းအခန်းများအား ပြန်လည်ဝယ်ယူလိုပါက အဆင့်မြင့်အိမ်ရာ ဖော်ဆောင်ရေး ကုမ္ပဏီများက ပိုင်ရှင်များနှင့် ချိတ်ဆက်ပြီး ပြန်လည်ရောင်းချ ပေးမှုများလည်း ရှိကြောင်း သိရသည်။
“ပြပွဲပထမဆုံးနေ့ကတော့ လူများပါ တယ်။ ဒီနေ့ကတော့ ပြပွဲအစနေ့လောက်တော့ မများတော့ဘူး။ လာတဲ့လူတိုင်းကတော့ စိတ်ဝင်စားမှုတော့ရှိကြပါတယ်။ လောလောဆယ် နေရာသွားကြည့်ကြတာတော့ ရှိပေမယ့် ဝယ်တဲ့လူတော့ မရှိဘူး။ ရုံးဖွင့်ရက်ကျမှ ပြန်ဆက်သွယ်ကြမှာပါ။ တိုက်ရိုက်ရောင်းတာတော့ မရှိဘူး။ မြို့တွင်းပိုင်းကို မေးကြတာများတယ်။ လှိုင်တို့၊ မရမ်းကုန်းမြို့နယ် တောင်ဥက္ကလာတို့လောက် အမေးများတယ်။ အခန်းအကျယ် အဝန်းပေါ်မူတည်ပြီးတော့ တစ်စတုရန်းပေကို သုံးသောင်းလေးသောင်း ပတ်ဝန်းကျင် လောက်ရှိတယ်။ ဒီပြပွဲလုပ်တာ ကောင်းပါတယ်။ ဝယ်မယ့်လူနဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ရတာပေါ့။ အကျိုးဆောင်တွေ ဘာညာခံမနေ တော့ဘူး။ နောက်ပွဲတွေ ရန်ကုန်မှာလုပ်ဖြစ်မယ်ဆိုရင်တော့ ပါဝင်သွားဖို့ရှိပါတယ်” ဟု ခေတ်မှီဦး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဉာဏ်ထက်အောင်က ပြောကြားသည်။
“ကျွန်မတို့အနေနဲ့ အခန်းဝယ်မယ်ဆိုရင်တဲ့ ယုံကြည်ရတဲ့ အခန်းမျိုးပဲ ဝယ်ချင်ပါတယ်။ BOT မြေပေါ်မှာ ဆောက်တဲ့ အဆောက်အအုံက အခန်းကိုတော့ မလိုချင်ပါဘူး” ဟု ပြပွဲသို့ လာရောက်ကြည့်ရှုသူ တစ်ဦးက ပြောပြသည်။