ရန်ကုန်စတော့အိတ်ချိန်း၏ ငွေပေးချေစာရင်း ရှင်းလင်းမှုဘဏ်အဖြစ် ထိပ်တန်းအခွန်ဆောင်စာရင်းဝင် ကမ္ဘောဇဘဏ်အား ရွေးချယ်

ရန်ကုန်စတော့အိတ်ချိန်း၏ ငွေပေးချေစာရင်း ရှင်းလင်းမှုဘဏ်အဖြစ် ထိပ်တန်းအခွန်ဆောင်စာရင်းဝင် ကမ္ဘောဇဘဏ်အား ရွေးချယ်
Published 2 May 2015
သန်းထိုက်အောင်

ရန်ကုန်စတော့အိတ်ချိန်း၏ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ငွေပေးချေမှု ဆောင်ရွက်မည့်ဘဏ်အဖြစ် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အား ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 
“ပြည်တွင်းပုဂ္ဂလိက ဘဏ်ခြောက်ခုကနေ လျှောက်ထားလာပါတယ်။ ဒီရွေးချယ်တဲ့နေရာမှာ Critia တွေ သတ်မှတ်ပြီးတော့ Point System နဲ့ရွေးတာပါ။ ဒီအတွက် ငွေပေးချေစာရင်း ရှင်းလင်းမှုဘဏ်အဖြစ် ကမ္ဘောဇဘဏ်ကို ရွေးချယ်လိုက်တာပါ။ လောလောဆယ်က ဘဏ်တစ်ခုပဲ လိုတဲ့အတွက် တစ်ခုပဲ ရွေးချယ်တာပါ”ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
 
YSX (ရန်ကုန်စတော့အိတ်ချိန်း) ၌ အရောင်းအဝယ်ပြီးမြောက်ပြီးနောက် ငွေပေးချေဆောင်ရွက်ခြင်းအတွက် ငွေပေးချေစာရင်းရှင်းလင်းမှုဘဏ် ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ DVP စနစ်အရပေးချေမှုအတွက် ငွေလက်ခံခြင်းနှင့် ငွေပေးချေခြင်း၊ အာမခံပုံစံအမျိုးမျိုး ထားရှိခြင်းအတွက် အပ်နှံငွေလက်ခံခြင်းနှင့် ပြန်ထုတ်ပေးခြင်း၊ ပါဝင်ရောင်းဝယ်ဆောင်ရွက်သူ (ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ) မှ ငွေမပေးဆပ်နိုင်သည့် အခြေအနေတွင် ငွေဖြစ်လွယ်မှုအား ပံ့ပိုးပေးခြင်းကဲ့သို့ ဆောင်ရွက်ခြင်း၊ ရငွေအမျိုးမျိုးကို လက်ခံဆောင်ရွက်ပေးခြင်း၊ စာရင်းဝင်ကုမ္ပဏီကိုယ်စား ရှယ်ယာရှင်များအတွက် အမြတ်ဝေစုခွဲဝေပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။
 
လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ရှိမှုများအဖြစ် ငွေပေးချေမှု ပြုလုပ်ဆောင်ရွက်မည့် ဌာနစိတ်ကို YSX (ရန်ကုန်စတော့အိတ်ချိန်း) နှင့် နီးကပ်သောနေရာတွင် ထားရှိခြင်း၊ YSX  နှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ စာရင်းရှင်ဖွင့်လှစ်နိုင်ခြင်း၊  YSX  ၏ လုပ်ငန်းနည်းဥပဒေများအရ ငွေပေးချေခြင်း လုပ်ဆောင်ချက်များကို နှောင့်နှေးမှုမရှိစေဘဲ လက်ခံနိုင်/ပေးချေနိုင်ခြင်း၊ အာမခံထားရှိခြင်းအတွက် နှောင့်နှေးမှုမရှိစေဘဲ အပ်နှံငွေကို လက်ခံနိုင်ခြင်းနှင့် ပြန်ထုတ်ပေးနိုင်ခြင်း၊ ပါဝင်ရောင်းဝယ် ဆောင်ရွက်သူမှ ငွေမပေးဆပ်နိုင်သည့် အခြေအနေတွင် စွမ်းဆောင်နိုင်ခြင်း၊ YSX ၏ ရငွေများကို လက်ခံဆောင်ရွက်ပေးနိုင်ခြင်း၊ စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာရှင်များအတွက် ကုမ္ပဏီကိုယ်စား အမြတ်ဝေစုပေးခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းများ ရှိရမည်ဖြစ်ကြောင်း သိရသည်။
 
ှုICT ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ရှိမှုများအဖြစ် YSX က ပေးပို့သော စာရင်းပြောင်း အချက်အလက်များကို အသုံးပြုနိုင်စွမ်းရှိခြင်း၊ စာရင်းများအား ထိန်းချုပ်စီမံနိုင်သော ကောင်းမွန်ပြည့်စုံသည့် ICT စနစ်ရှိခြင်း၊ICT နှင့် ဘဏ်၏ ဆက်သွယ်ရေးကွန်ရက် အသုံးပြု၍ အခြားဘဏ်တစ်ခုသို့  စာရင်းလွှဲပြောင်းနိုင်စွမ်းရှိခြင်းနှင့် လွှဲပြောင်းနိုင်ခြင်းများ ရှိရမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် ငွေပေးချေမှုဆောင်ရွက်မည့်ဘဏ်သည် အနည်းဆုံး ထည့်ဝင်ပြီး မ,တည် ရင်းနှီးငွေ ကျပ် ၁၅ ဘီလျံ၊ အနည်းဆုံး အပ်နှံငွေပမာဏ ကျပ် ၅၀ ဘီလျံ၊ အနည်းဆုံး ထုတ်ချေးထားသော ငွေပမာဏ ကျပ် ၁၀ ဘီလျံ၊ အနည်းဆုံးဘဏ်ခွဲအရေအတွက်  ၂၀ ၊ အနည်းဆုံး ဖောက်သည်စာရင်း ဦးရေအရေအတွက် ၁၀၀၀၀၊  အနည်းဆုံး ရင်းနှီးငွေလုံလောက်မှု အချိုး ၁၀ ရာခိုင်နှုန်း၊ အနည်းဆုံးငွေဖြစ်လွယ်မှုအချိုး ရာခိုင်နှုန်း ၂၀၊  အနည်းဆုံး လျာထားငွေအချိုး ၁၀ ရာခိုင်နှုန်း စသည့် ဘဏ္ဍာရေးဆိုင်ရာ အချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ငွေပေးချေစာရင်း ရှင်းလင်းမှုဘဏ်ဆိုင်ရာ စံသတ်မှတ်ချက်များတွင် ဖော်ပြပါရှိသည်။