နိုင်ငံတကာငွေကြေးများနှင့် နှိုင်းယှဉ်ရာတွင် မြန်မာငွေတန်ဖိုး တစ်ပတ်အတွင်း သိသာစွာကျဆင်းလာ

နိုင်ငံတကာငွေကြေးများနှင့် နှိုင်းယှဉ်ရာတွင် မြန်မာငွေတန်ဖိုး တစ်ပတ်အတွင်း သိသာစွာကျဆင်းလာ
Published 1 May 2015
အငယ်ထွေး၊ နီလာ

မြန်မာငွေတန်ဖိုးသည် စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေး၊ အမေရိကန်ဒေါ်လာများနှင့်နှိုင်းယှဉ်ရာတွင် တစ်ပတ်အတွင်း မြန်မာ့ငွေတန်ဖိုး သိသာစွာကျဆင်းလာကြောင်း သိရသည်။ပြီးခဲ့သည့် မတ် ၂၆ ရက်တွင် အမေရိကန်တစ်ဒေါ်လာဝယ်ဈေးသည် ၁၀၆၉ ကျပ်နှင့် စင်ကာပူတစ်ဒေါ်လာ ဝယ်ဈေး ကျပ် ၇၇၀ နှင့် ယူရိုဈေး ၁၁၅၀ ဝန်းကျင်သာရှိခဲ့ရာမှ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၀၈၈ ကျပ်၊ ရောင်းဈေး ၁၀၉၃ ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် ဝယ်ဈေး ၈၁၈ ကျပ်၊ ရောင်းဈေး ၈၃၃ ကျပ်နှင့် ယူရိုငွေကြေး တစ်ဒေါ်လာလျှင် ၁၁၈၀ နှင့် ရောင်းဈေး ၁၂၀၀ ဈေးရှိနေကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစဖြစ်သော ဧပြီနောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဧပြီ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ပြင်ပဈေးကွက်ပေါက်ဈေး၌ ဝယ်ဈေး ၁၀၈၈ ကျပ်နှင့် ရောင်းဈေး ၁၀၉၃ ကျပ်ဝန်းကျင်ရှိနေကြောင်းနှင့် Earning ဈေးမှာမူ ၁၀၉၇ ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။အမေရိကန်စီးပွားရေးသည် ပထမသုံးလပတ်တွင် တိုးတက်မှုမရှိသလောက်နီးပါးဖြစ်နေခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်လာတန်ဖိုးသည် ဧပြီ ၂၉ ရက်က ယူရိုနှင့်လဲလှယ်ရာတွင် ကျဆင်းသွားခဲ့သည်။ပထမသုံးလပတ်တွင် အမေရိကန်စီးပွားရေးသည် ၀ ဒသမ ၂ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် ဒေါ်လာသည် ယူရိုနှင့်လဲလှယ်ရာတွင် နှစ်လအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့သည်။ အသွင်ကူးပြောင်းရေး အခြေအနေများကြောင့် အမေရိကန်စီးပွားရေး နှေးကွေးနေပြီး မှန်မှန်သာဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကပြောကြားခဲ့သည်။အမေရိကန်စီးပွားရေးနှေးကွေးမှုကြောင့် ဗဟိုဘဏ်သည် အတိုးနှုန်းမြှင့်တင်ရန်စီစဉ်ထားမှုကို နှောင့်နှေးဖွယ်ရှိကြောင်း မျှော်မှန်းမှုများရှိခဲ့ပြီး ဒေါ်လာတန်ဖိုးသည် အာရှတွင်လည်း အနည်းငယ်ကျဆင်းခဲ့သည်။ အမေရိကန်စီးပွားရေးတိုးတက်မှု မျှော်မှန်းသည်ထက် နှေးကွေးနေမှုကြောင့် ဧပြီ ၂၉ ရက်တွင် ဒေါ်လာတန်ဖိုးသည် တစ်ပတ်ကျော်အတွင်း ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။မေ ၁ ရက်တွင် ယူရိုတန်ဖိုးသည် နောက်ထပ် ၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁ ယူရိုလျှင် ၁ ဒသမ ၁၂၇  ဒေါ်လာအထိရောက်ခဲ့သဖြင့် နှစ်လအတွင်းအမြင့်ဆုံးဖြစ်ခဲ့သည်။ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျဆင်းနေချိန်၌ မြန်မာငွေတန်ဖိုးကျဆင်းမှုကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့သည်။ပြီးခဲ့သည့်မတ်လကုန်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၀၀ နီးပါးမြင့်တက်ခဲ့သော ဒေါ်လာဈေးသည် ဧပြီ ၄ ရက်တွင် ၁၀၇၄ ကျပ်သို့ ပြန်လည်ကျဆင်းလာကြောင်း၊ ယင်းအနေအထားမှ ၁၀၇၀ ဝန်းကျင်တွင် လည်ပတ်နေရာမှ သင်္ကြန်အပြီး ဧပြီနောက်ဆုံးပတ်တွင် တစ်ဒေါ်လာလျှင် ၁၀၉၃ ကျပ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။တစ်လအတွင်း ဒေါ်လာဈေးကွက်အခြေအနေကို လေ့လာကြည့်ပါက မတ် ၉ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၀၃၉ ကျပ်ပေါက်ခဲ့ရာမှ ၁၀ ရက်တွင် ၁၀၅၆ ကျပ်အထိ ဈေးမြင့်သွားခဲ့ကာ ပြည်ပပို့ကုန်မှရငွေဈေးမှာ ထိုနေ့တွင် ၁၀၅၈ ကျပ်နှင့် ၁၀၅၉ ကျပ်ကြားရှိခဲ့ကြောင်း၊ မတ် ၁၁ ရက်တွင်မူ အရွက်ဈေးဟုခေါ်သည့် အမေရိကန်ဒေါ်လာ ရာတန်ပေါက်ဈေးမှာ ၁၀၇၀ ကျပ်ကိုရောက်ရှိသွားပြီး ထိုနေ့တွင် ပြည်ပပို့ကုန်မှ ရငွေဈေးမှာ ၁၀၇၃ ကျပ်ရှိကြောင်း၊ သို့သော် မတ် ၁၂ ရက်တွင် ဈေးအနည်းငယ်ပြန်ကျသွားပြီး ၁၀၆၅ ကျပ်နှင့် ဈေးပိတ်သွားကြောင်း၊ သင်္ကြန်ကာလသို့နီးလာသည့် မတ် ၁၉ ရက်တွင်မူ ၁၀၇၆ ကျပ်ဝန်းကျင်ပြန်ရောက်လာခဲ့ကြောင်း၊ ထိုနေ့တွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁၀၂၇ ကျပ်ဖြစ်ကြောင်း သိရသည်။ဒေါ်လာဈေးကွက်အဆင့်ဆင့်ပြောင်းလဲလာပုံကို လေ့လာပါက ၂၀၁၁ နှစ်ကုန်ပိုင်းနှင့် ၂၀၁၂နှစ်ဦးပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၈၂၄ ကျပ်ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် တစ်ဒေါ်လာလျှင် ၈၄၅ ကျပ် ဝန်းကျင်သာရှိသေးကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင်မူ တစ်ဒေါ်လာလျှင် ၉၇၆ ကျပ်ဝန်းကျင်ဈေးရှိကြောင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင်မူ  အမေရိကန်တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ်အထိ ရောက်ရှိလာခဲ့ကြောင်း၊ ယင်းအနေအထားမှ လက်ရှိ ၂၀၁၅ ခုနှစ် ဧပြီ ၂၉ ရက်တွင်မူ တစ်ဒေါ်လာပေါက်ဈေး ၁၀၉၃ ကျပ်ဝန်းကျင်ရှိနေကြောင်း သိရသည်။ဒေါ်လာဈေးဆက်တိုက်ဆိုသလို မြင့်တက်လာသည့်အကြောင်းတရားများကို ဆန်းစစ်ပါက အမေရိကန်စီးပွားရေးဦးမော့လာပြီး အမေရိကန်ငွေကြေး ပြန်လည်ခိုင်မာလာမှုနှင့်အတူ ပြည်တွင်းအနေအထားနှင့်လည်း သက်ဆိုင်မှုများရှိကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကြေးကစားလိုသူများက ကားဈေးကွက်၊ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်၊ အိမ်ခြံမြေဈေးကွက်၊ ပဲဈေးကွက် စသည်တု့ိတွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် အိမ်ခြံမြေဈေးကွက် အလွန်ကောင်းမွန်ခဲ့သည့်အတွက် ငွေကြေးကစားသူများ အိမ်ခြံမြေလောကသို့ တိုးဝင်မှုများသော်လည်း ယခုနှစ်တွင် အိမ်ခြံမြေဈေးကွက် ကျဆင်းလာခြင်း၊ အမေရိကန်ဒေါ်လာ ပြည်ပဈေးကွက်တွင်ပါ ခိုင်မာနေခြင်း၊ ရွှေဈေး သိသိသာသာမြင့်တက်လာခြင်းမရှိခြင်းနှင့် ကားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းမရှိတော့ခြင်းတို့ကြောင့် ဒေါ်လာဈေးကွက်သို့ ပြောင်းလဲရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။အလားတူ ယခုဧပြီလကုန်ပိုင်းတွင် လစာငွေများ တိုးမြှင့်ပေးမှုအား ခံစားရမည်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းတို့လည်း တက်ရန်အဆင်သင့်ဖြစ်နေကြောင်း၊ ယခုနှစ်၏ ငွေကြေးဖောင်းပွမှုကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၈ ဒသမ ၄ ရာခိုင်နှုန်းအထိရှိလာမည်ဟု မကြာသေးခင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ဒေါ်လာဈေးကွက် ယင်းကဲ့သို့ မြင့်တက်လာခြင်းအပေါ် ဝေဖန်သုံးသပ်ချက်မျိုးစုံရှိနေပြီး အချို့ကမူ မြန်မာနိုင်ငံ၏ လစဉ်မြင့်တက်နေသော ကုန်သွယ်မှုလိုငွေကြောင့်ဖြစ်သည်ဟု ထောက်ပြပြောဆိုကြပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေသည် တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိရှိနေသည်မှာ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။"ဒေါ်လာဈေးတက်လာတာ လစာတိုးတာတစ်ခုတည်းတော့ မဟုတ်လောက်ဘူး။ ကျွန်တော့်အမြင်ကတော့ အမေရိကန်ဒေါ်လာခိုင်မာလာတာလည်းပါတယ်။ ဒုတိယအချက်ကတော့ ကုန်သွယ်မှုလိုငွေပြနေတဲ့အချက်ပဲ။ အဲဒီကုန်သွယ်မှုလိုငွေက များလည်းများနေတဲ့အခါကျတော့ ရေရှည်ဖြစ်လာတဲ့အခါ ကိုယ့်နိုင်ငံရဲ့ငွေကြေးက တန်ဖိုးကျလာလိမ့်မယ်။ လစာကိစ္စကျတော့ ပါကောင်းလည်းပါနိုင်တယ်။  ဒါပေမဲ့ ဒေါ်လာဈေးကွက်အပေါ်မှာတော့ တိုက်ရိုက်ကြီးမပတ်သက်ဘူးလို့ထင်တယ်။ သူကတော့ General inflation ကိုဖြစ်စေမယ်။ ဆိုလိုတာက အခြားကုန်ဈေးနှုန်းကိုပါ သက်ရောက်မှုရှိမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ လစာတိုးရင် ဒေါ်လာဈေးတက်လာမလားဆိုပြီး မျှော်မှန်းတာလည်းရှိတယ်။ တခြားကုန်ဈေးနှုန်းတွေတက်လာမလားဆိုပြီး မျှော်မှန်းတာတွေလည်းရှိတယ်။ ဆိုတော့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ အဓိကသက်ရောက်မှုရှိနေတာက အမေရိကန်ငွေကြေးခိုင်မာတာရယ်၊ ကုန်သွယ်မှုလိုငွေရယ်လို့ မြင်ပါတယ်" ဟု စီးပွားရေးပညာရှင် ဦးစိုးသိမ်းကပြောကြားသည်။လက်ရှိအချိန်၌ တိုင်းပြည်တွင် သွင်းကုန်တင်သွင်းမှုများ မြင့်တက်နေကြောင်း၊ ပြီးခဲ့သည့်နှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ရှစ်ဘီလျံရှိသည့်အနက်တွင်မူ ပြည်ပမှပြန်လည်တင်သွင်းမှု ခုနစ်ဘီလျံရှိနေကြောင်း သိရသည်။

တရားဝင်ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်"တကယ်တော့ ရင်းနှီးမြှုပ်နှံမှုဝင်တယ်ဆိုတာက inflow ပဲ။ ကိုယ့်ငွေကြေးက ပိုပြီးခိုင်မာလာရမှာ။ ဒါပေမဲ့ ပို့ကုန်သွင်းကုန်မှာကျတော့ Balance မဖြစ်ဘူးဆိုရင် ဒါက ငွေကြေးဈေးကွက်ကိုထိခိုက်မယ်။ ဒါက ရင်းနှီးမြှုပ်နှံမှုနဲ့မတူဘူး။ ကျွန်တော်တို့က Balance of Payment (နိုင်ငံခြားငွေရှင်းတမ်း)ကိုကြည့်ရင် Current Account နဲ့ Capital Account ဆိုပြီးနှစ်မျိုးရှိတယ်။ စောစောတုန်းကပြောတဲ့ Trade Balance ကျတော့ Current Account ထဲမှာသွားပါတယ်။ နောက်ဝန်ဆောင်မှုတွေပါမယ်။ အတိုးပေးတာတွေပါမယ်။  တကယ်တမ်းကျတော့ ကျွန်တော်တို့လည်း မြန်မာနိုင်ငံရဲ့ Balance of Payment ဘယ်လိုဖြစ်နေလဲမသိဘူး။ ဒါပေမဲ့ ကုန်သွယ်မှုကတော့အဓိကပဲ။ ကုန်သွယ်မှုမှာ လိုငွေပြနေရင် ကျန်တာတွေကပိုပြီးတော့ အနုတ်ဖြစ်ဖို့များတယ်။ ဥပမာ အတိုးပေးတာတွေဘာတွေလည်း ဒီဘက်မှာများနေတယ်။ ပြောချင်တာက Balance of Payment မှာ Trade Balance ကအဓိကကျနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ဝင်လာတဲ့ငွေကျတော့ Capital inflow လို့ခေါ်တယ်။ အဲဒါကကျတော့ Capital Account ကိုသွားတယ်။ အဲဒီတော့ Current Account မှာ လိုငွေပြနေပြီဆိုရင် ဒီတိုင်းပြည်က ရေရှည်မှာမခံနိုင်ဘူး။ အဲဒီအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် အရင်းအနှီးဝင်လာရင်တော့ ပံ့ပိုးပေးကောင်းပေးနိုင်မယ်။ ဒါပေမဲ့ ဝင်လာတဲ့အရင်းအနှီးကလည်း စောစောကပြောသလို ရှစ်ဘီလျံလောက်ဝင်လာပြီး ခုနစ်ဘီလျံကျော်လောက်ပြန်သုံးမယ်ဆိုရင် ကိုယ့်ဆီမှာတော့ အများကြီးမကျန်တော့ဘူး။ ဒါကြောင့် အဓိကပြောချင်တာက ကုန်သွယ်မှုလိုငွေက ရေရှည်မှာ အဲဒီလောက်မြင့်တက်နေလို့မရဘူး" ဟု ဦးစိုးသိမ်းက ဆက်လက်သုံးသပ်ပြောကြားသည်။မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် ၂၈ ဒသမ ၁ ဘီလျံရှိနေခဲ့ရာတွင် ကုန်သွယ်မှုလိုငွေမှာ ငါးဘီလျံနီးပါးရှိနေကြောင်း သိရသည်။အလားတူ လစာတိုးခြင်းဖြင့်လည်း ငွေကြေးဖောင်းပွမှုများဖြစ်လာနိုင်သည့် ယူဆချက်များရှိနေကြောင်း၊ မည်သည့်အတိုင်းအတာအထိ ဖောင်းပွလာမည်ကို မသိရှိရသေးကြောင်း၊ ငွေကြေးဖောင်းပွမှုသည် General Price Level တက်လာခြင်းကို ဆိုလိုသည့်အတွက် ဒေါ်လာဈေးအပြင် အခြားကုန်ဈေးနှုန်းတက်လာခြင်းကို ရည်ညွှန်းမည်ဖြစ်ကြောင်း သိရသည်။"ဒေါ်လာဈေးက အခုတလော တော်တော်တက်လာတာတွေ့ရတယ်။ ဘယ်လိုကြောင့် ဒီလောက်မြင့်တက်သွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး။  ဒါပေမဲ့ အကြောင်းတစ်ခုတော့ရှိမယ်ထင်တယ်။ အခုက ရုတ်တရက်ပြန်ထောင်တက်လာတာမျိုးဖြစ်နေတာကိုး။ နောက်တစ်ခုကလည်း ဒေါ်လာဈေးပြန်လည်တည်ငြိမ်သွားအောင်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များများဝင်လာအောင် လုပ်ဖို့လိုတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် တချို့ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီးပြောကြတယ်။ ကျွန်တော့်အမြင်ကတော့ နိုင်ငံရေးအပြင် အခြားပြဿနာလည်းရှိနိုင်တယ်။ တကယ်တမ်း ရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့ဆိုရင် သူတို့လိုအပ်ချက်ကို ကိုယ်ကဖြည့်ပေးနိုင်ဖို့လိုတယ်။ တရုတ်နိုင်ငံလည်း ဒီလိုပဲလုပ်ခဲ့တာပဲ။ ဒီမှာကျတော့ မြေကွက်တွေကလည်းဈေးကြီး၊ မီးကလည်းအဆင်မပြေ၊ အခွန်ကိစ္စကလည်းအဆင်မပြေ၊ ပြောစရာတွေက အများကြီးပေါ့ဗျာ။ စိတ်ပျက်စရာတွေများတော့ သူတို့ကမလာချင်ကြဘူး။ FDI မဝင်တော့ ဒေါ်လာမဝင်ဘူး။ ဆိုတော့ ဒေါ်လာဝယ်လိုအားများလာမယ်။ ဒါပေမဲ့ တစ်ခုရှိတာက FDI ကလည်း လုံးကနဲခဲကနဲဝင်ဖို့လိုတယ်။ MoU ထိုးထားတဲ့ပမာဏဆိုရင်တော့ တကယ်ဝင်တာမဟုတ်သေးတဲ့အတွက် သိပ်ပြီးအထောက်အပံ့မဖြစ်ဘူး။ ဒါကြောင့် ဒေါ်လာဈေးကိုထိန်းချုပ်ဖို့ဆိုရင် ဒေါ်လာဝင်နိုင်တဲ့လမ်းကြောင်းကို ထိန်းချုပ်ဖို့လိုတယ်။ မဟုတ်ရင်တော့ အခုလိုပဲ ဒေါ်လာဈေးတွေတက်နေဦးမယ်" ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးသန်းလွင်ကပြောကြားသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလိုငွေနှင့် အမေရိကန်ငွေကြေးခိုင်မာမှု စသည့်အရင်းရင်းများအပြင် မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာသုံးစွဲမှုများအဓိကအားဖြင့် Service Sector တွင်မြင့်တက်နေကြောင်း၊ လစာတိုးခြင်းသည် ဘဏ္ဍာရေးပေါ်လစီနှင့်ဆိုင်သည့်အတွက် သီးခြား Issue တစ်ခုဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။"လစာတိုးတာက ဘဏ္ဍာရေးပေါ်လစီနဲ့ဆိုင်တယ်။ ဒါကြောင့် အစိုးရအသုံးစရိတ်နဲ့ ဝင်ငွေရဲ့ပြဋ္ဌာန်းချက်ကိုဖြစ်နိုင်တယ်။ အခုဖြစ်နေတဲ့ပြဿနာက Exchange Rate နဲ့ဆိုင်တယ်။ ငွေကြေးပေါ်လစီနဲ့ဆိုင်တယ်။ စောစောကပြောတာက ဘဏ္ဍာရေးပေါ်လစီနဲ့ဆိုင်တယ်။ ဒီနှစ်ခုက ဆက်စပ်မှုတော့ရှိပါတယ်။ ဆက်စပ်မှုရှိတယ်ဆိုတော့ ဘာနဲ့ဆိုင်လဲဆိုတော့ ဒေါ်လာဈေးကစားနဲ့တော့ သွားဆိုင်တယ်။ ဒါကြောင့် ဒီကောင်က ငွေကြေးဖောင်းပွမှုကိုတော့ သွားပြီးထိခိုက်နိုင်တယ်။ ငွေကြေးဖောင်းပွမှုက အခု ၈ ဒသမ ၄ လို့ခန့်မှန်းပေးထားပေမယ့် ကျွန်တော့်အမြင်ကတော့ ဒီထက်တောင် တက်လာနိုင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုဒေါ်လာဈေးကတက်တယ်။ မြန်မာငွေကကျပြီ။ တန်ဖိုးကျပြီးရင်းကျဖြစ်နေပြီ။ ငွေကြေးဖောင်းပွမှုက သေချာပေါက်ဖြစ်မှာပဲ။ အခုက ဒေါ်လာသုံးတဲ့နေရာတွေများနေတယ်။ သွင်းကုန်အပြင် Services မှာလည်း သုံးတာများနေတယ်လို့မြင်တယ်။ ဥပမာ အပြင်မှာဆေးသွားကုတာတွေများနေတယ်။ ကျောင်းသွားတက်ကျတာတွေများလာတယ်။ ဒေါ်လာကိုင်ထားတဲ့သူတွေရဲ့ သားသမီးတွေတော်တော်များများ ပြည်ပမှာ ကျောင်းသွားတက်တာများလာတယ်။ နောက် အလည်အပတ်ထွက်တာတွေများလာတယ်။ ဒါတွေကလည်း သက်ရောက်မှုရှိလာနိုင်တယ်" ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောပြသည်။အလားတူ မြန်မာပြည်၏ ငွေကြေးဈေးကွက်အနေအထားသည် ဈေးကစားမှုအပေါ်တွင် များစွာမူတည်နေကြောင်း၊ မြန်မာကျပ်ငွေ လက်ထဲတွင် များများရှိနေသူများက ဒေါ်လာကိုပြောင်းကိုင်လာကြခြင်းဖြစ်ကြောင်း၊ "ကျွန်တော့်အမြင်ကတော့ ငွေကြေးပိုလျှံတဲ့သူတွေက မြန်မာငွေအစား ဒေါ်လာကိုပြောင်းကိုင်လာကြတာပါ။ ဒါကြောင့် ဒေါ်လာငွေအမြောက်အမြားရဖို့ ဈေးတိုးပေးပြီးဝယ်လာကြတာ။ ဒါပေမဲ့ ဒါထက်ခိုင်လုံတဲ့အကြောင်းတရားတွေလည်း ရှိနိုင်ပါတယ်။ နောက်တစ်ခုက Services အပိုင်းမှာ သုံးလာတာများတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကပြောတယ်။ သူ့ရဲ့ဂျပန်နဲ့ ကိုရီးယားခရီးစဉ်ကို လေ့လာကြည့်လိုက်တော့ အဲဒီခရီးစဉ်နှစ်ခုစလုံးမှာ လေယာဉ်ပေါ်မှာ မြန်မာတွေနဲ့ပြည့်နေတယ်။ သူကတော့ မြန်မာတွေသုံးနိုင်ဖြုန်းနိုင်လာတယ်ဆိုတဲ့ ရှုထောင့်ကပြောတာပေါ့။ ဒါပေမဲ့ ဒီလိုလူတန်းစားက ဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ နောက်တစ်ခုကတော့ ဒေါ်လာငွေကကိုက ခိုင်မာတဲ့ငွေကြေးတစ်ခုဖြစ်လာတာပါ။ ဒီအပေါ်မှာ ဒေါ်လာဈေးမြင့်တက်လာတာတွေဖြစ်နိုင်ပါတယ်။ အခြားကျွန်တော်တို့မသိတဲ့ အကြောင်းတရားတွေလည်း ရှိနိုင်ပါတယ်" ဟု မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဆရာဦးမြင့်သောင်းက ပြောကြားသည်။ဧပြီ ၂၈ ရက် အမေရိကန်ဒေါ်လာပေါက်ဈေးသည် တစ်ဒေါ်လာလျှင် ၁၀၉၀ ဝန်းကျင်ရှိနေကြောင်း၊ ၂၉ရက်တွင်မူ တစ်ဒေါ်လာလျှင် ၁၀၉၃ ကျပ်ဝန်းကျင်ရှိနေကြောင်းနှင့် ထိုနေ့တွင်ပင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀၇၈ ကျပ်နှုန်းအထိရှိလာကြောင်း၊ ပြီးခဲ့သည့် မတ်လတွင် ရည်ညွှန်းငွေလဲနှုန်း ၁၀၂၇ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှာ ဗဟိုဘဏ်အနေဖြင့်မူ လိုက်ပါပြောင်းလဲသတ်မှတ်ပေးလာခဲ့ကြောင်း သိရသည်။      

Most Read

Most Recent