စက်မှု (၁) လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ကြယ်ငါးပွင့်ဟိုတယ်အတွက် Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International ပူးပေါင်း

စက်မှု (၁) လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ကြယ်ငါးပွင့်ဟိုတယ်အတွက် Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International ပူးပေါင်း
Published 30 April 2015
အောင်ရဲကို

စက်မှု (၁) လမ်းနှင့် ကမ္ဘာအေးစေတီ လမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ကြယ်ငါးပွင့်ဟိုတယ်အတွက် ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International တို့ ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့သည်။ရန်ကုန်မြို့ရှိ Sedona Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်ခဲ့ပြီး Hoang Anh Gia Lai Myanmar နှင့် Melia Hotels International ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။၂၀၁၅ ခုနှစ်ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည့် Hoang Anh Gia Lai Myanmar ၏ ကြယ်ငါးပွင့်ဟိုတယ် အဆောက်အအုံတွင် Melia Hotels International မှ စီမံခန့်ခွဲရေးအပိုင်းများကို အဓိကပါဝင် လုပ်ဆောင်ရေးအတွက် ပူပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr.Vo Truong Son က “ကြယ်ငါးပွင့် စီမံကိန်းရဲ့ စုစုပေါင်း ၉၅ ရာခိုင်နှုန်းလောက်က ပြီးစီးနေပါပြီ။ ကျန်တာတွေက အတွင်းပိုင်း ပြင်ဆင်ဖို့ပဲ ရှိတော့တာပါ။ အခုလည်း အဲဒီအပိုင်းတွေကို  ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။စီမံခန့်ခွဲမှု အပိုင်းအတွက်သာ Melia Hotels International နှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ကြောင်း Mr.Vo Truong Son က ဆက်လက်ပြောကြားသည်။Hoang Anh Gia Lai Myanmar အနေဖြင့် စက်မှု (၁) လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်ရှိ မြေနေရာတွင် ဟိုတယ်အပါအဝင် စီးပွာရေးအဆောက်အအုံတစ်ခုကို ရင်းနှီးမြှုပ်နှံရန် ၂၀၁၃ ခုနှစ်က စတင်ကြိုးပမ်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ဒေါ်လာသန်းနှင့်ချီသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။သို့သော် ယခုတည်ဆောက်နေသော စီမံကိန်းတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်သည့် Rowsley ကုမ္ပဏီက ဒေါ်လာသန်း ၅၅၀ ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရှိခဲ့သော်လည်း ယခုလအတွင်းက အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်အရ ယခုစီမံကိန်းအပေါ် ထိခိုက်နိုင်မှုနှင့် ကြန့်ကြာနိုင်မှု ရှိမရှိ မေးမြန်းခဲ့မှုများအပေါ် ဖြေကြားခဲ့ခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။Hoang Anh Gia Lai ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူး Mr.Vo Truong Son က “ကျွန်တော်တို့ ပြောထားသလိုပဲ လာမယ့်နှစ်နှစ်ပေါ့။ အဲဒီအချိန်မှာ အလုံးစုံပြီးစီးအောင် လုပ်ဆောင်သွားမှာာပါ” ဟု ပြောကြားသည်။Hoang Anh Gia Lai Myanmar မှ တည်ဆောက်နေသော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်မှာ ၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုမိန့် ချထားပေးခဲ့ပြီး ဒေါ်လာသန်း ၄၄၀ ရှိကြောင်း ဟိုတယ် ခြောက်လုံးအထိ ရှိလာမည်ဖြစ်ကာ အခန်းပေါင်း ၄၄၁ ခန်းရရှိမည်ဟု သိရသည်။

Most Read

Most Recent