တောင်တရုတ်ပင်လယ်အရေးကြောင့် အာဆီယံပြိုကွဲစေမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ပြောကြား

တောင်တရုတ်ပင်လယ်အရေးကြောင့် အာဆီယံပြိုကွဲစေမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ပြောကြား
Published 28 April 2015

တောင်တရုတ်ပင်လယ်အရေးကြောင့် အာဆီယံပြိုကွဲစေမည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဧပြီ ၂၈ ရက်တွင် လန်ကာဝီကွန်ဗင်းရှင်းစင်တာ၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တောင်တရုတ်ပင်လယ်အရေးသည် အာဆီယံအား သွေးကွဲမှုဖြစ်ပေါ်စေနိုင်မလားဆိုသည့်မေးခွန်းအား  ပြန်လည်ဖြေကြား၌ နာဂျစ်ရာဇာတ်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။"အာဆီယံရဲ့စည်းလုံးမှု၊ ခိုင်မာမှုကိုပြိုကွဲစေမှာမဟုတ်ပါဘူး။ သဘောမတူတာတချို့ရှိနိုင်ပေမယ့် ပြဿနာကိုကိုင်တွယ်ရာမှာ အသုံးပြုတဲ့ စည်းမျဉ်းဆိုင်ရာတွေမှာတော့ ကျွန်တော်တို့ တူညီတဲ့အမြင်ရှိကြပါတယ်" ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားသည်။ထို့အပြင် တရုတ်ကအဆိုပြုခဲ့သော ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီးနှင့် တရုတ်-အာဆီယံရေကြောင်းပူးပေါင်းမှု ၂၀၁၅  အစီအစဉ်အတွက် ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် တွေ့ရသော အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ (ဓာတ်ပုံ-နေထွန်းနိုင်)
ဧပြီ ၂၇ ရက် ညပိုင်းကပြုလုပ်ခဲ့သော  အာဆီယံခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံ၏ အရေးပါအရာရောက်မှု၊ ဒေသတွင်းစီးပွားရေးကျဆင်းမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းအပေါ် အာဆီယံ၏တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်းကိစ္စ၊  ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအပေါ် အမြင်ဖလှယ်ခြင်းများ ဆွေးနွေးခဲ့ကြသည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကဆိုသည်။ထိပ်သီးအစည်းအဝေးကာလအတွင်း အစီရင်ခံစာခြောက်ခုကို မှတ်တမ်းတင်ခဲ့ပြီး ကြေညာစာတမ်းသုံးခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏  ကြေညာချက်ကိုလည်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့၏ အရှေ့အာဆီယံဒေသဖွံ့ဖြိုးရေးဆွေးနွေးမှု၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းတို့၏ သုံးပွင့်ဆိုင်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်း ဆွေးနွေးနိုင်ခဲ့သည်ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိပြုလုပ်ခဲ့ပြီး မလေးရှားဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၈ ရက် မွန်းတည့်ချိန်တွင် လန်ကာဝီ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent