ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ကျန်အဖွဲ့များကို ထပ်တိုးဖိတ်ကြားမည် မဟုတ်ဟု UWSA အတည်ပြု ပြောကြား

ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ကျန်အဖွဲ့များကို ထပ်တိုးဖိတ်ကြားမည် မဟုတ်ဟု UWSA အတည်ပြု ပြောကြား
Published 22 April 2015
အောင်ဇော်ထွန်း

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာမည့် မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ဖိတ်ကြားရန် ကျန်နေသည့် အဖွဲ့များကို ထပ်မံတိုး၍ ဖိတ်ဖြစ်တော့မည် မဟုတ်ကြောင်း UWSP/UWSA ၏ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။ညီလာခံသို့ တက်ရောက်မည့် ဖိတ်ကြားခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီ၏ ကိုယ်စားလှယ် အခြေအနေနှင့် ပတ်သက်၍ ဦးအောင်မြင့်က “အဓိကက ကိုယ်စားလှယ်သုံးဦးစီပါ။ အဖွဲ့ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ စစ်ဦးစီးချုပ်တို့၊ ဒုစစ်ဦးစီးချုပ်တို့ စတဲ့ခေါင်းဆောင်တွေကိုပေါ့။ သူ့ရဲ့အတွင်းရေးမှူးတို့၊ အလုပ်အဖွဲ့တို့တော့ ပါတာပေါ့ဗျာ’’ ဟု ပြောကြားသည်။ပန်ဆန်းဒေသ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ုKIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (PSLF/TNLA)၊ ရက္ခိုင့်တပ်ဖွဲ့ (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ဖြစ်ကြောင်း သိရသည်။PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “သူတို့ ဖိတ်တာကတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ပန်ခမ်းမြို့တွင် တွေ့ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတာ တွေ့တယ်။ ကျွန်တော်တို့ကို ပြောတာကတော့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်နဲ့ UWSA က ကြီးမှူးကျင်းပမယ်။ ကေအိုင်အိုနဲ့ NDAA မိုင်းလားက အထောက်အကူပြုပြီးတော့မှ ဒီအစည်းအဝေးကို ကြီးမှူးကျင်းပမယ်ဆိုတဲ့ အကြောင်းပေါ့။ တစ်ဖွဲ့ကို ကိုယ်စားလှယ်သုံးဦးစီ တက်ရောက်ကြဖို့။ သူပြောချင်တာကတော့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ပေးပါပေါ့နော်။ ဆွေးနွေးမယ့်ဟာကတော့ အဓိကကတော့ တစ်ပြည်လုံး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးပေါ့’ ’ဟု ပြောကြားသည်။အဆိုပါ ပန်ဆန်းညီလာခံသို့ PNLO အဖွဲ့မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ဒုတိယဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန်၊ စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး ခွန်အောင်မန်းတို့ သုံးဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။UWSA အဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ရွေးချယ်ဖိတ်ကြားထားသဖြင့် ကျန်နေသည့်အဖွဲ့များကို ထပ်မံဖိတ်ကြားရန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ UWSA ထံ အကြံပြုထားသော်လည်း NCCT အဖွဲ့ဝင် အဖွဲ့အစည်း ကိုးဖွဲ့ကိုသာ ဖိတ်ကြားခဲ့ပြီး အဖွဲ့အစည်း ခုနစ်ဖွဲ့ကို ချန်လှပ်ထားခဲ့သည်။UWSA ၏ ပန်ဆန်းညီလာခံသို့ တက်ရောက်ရန် မဖိတ်ကြားခဲ့သည့် NCCT အဖွဲ့ဝင် အဖွဲ့အစည်း ခုနစ်ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ဖြစ်သည်။ထို့ပြင် အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် နာဂအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကိုလည်း မဖိတ်ကြားခဲ့ပေ။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နီးစပ်သူတစ်ဦးက “NCCT ကိုတော့ သူတို့ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ သူတို့ ဖိတ်လိမ့်မယ်လေ။ ဒါပေမဲ့ NCCT မှာပါတဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ အားလုံးကို မဖိတ်ဘူးဆိုတဲ့ သဘောပေါ့။ ABSDF ကို မဖိတ်ဘူး ဆိုတာက တစ်မျိုးမြင်လို့ ရတာက ABSDF က ဘာပဲပြောပြော တိုင်းရင်းသား အဖွဲ့အစည်း တစ်ရပ်ရပ် အနေနဲ့ ကိုယ်စားပြုတာမျိုး မဟုတ်လို့လေ။ အဲဒီလိုမျိုး စဉ်းစားကြည့်လို့ ရတယ်။ ငြိမ်းချမ်းရေးကောင်စီတို့ DKBA တို့ကျပြန်ရင်လည်း သူတို့က အမြဲတမ်း ပြောလေ့ရှိတာက KNU က သူတို့ရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တယ်။ KNU ပြောရင် ပြီးတာပဲဆိုတာ ပြောလေ့ရှိတော့။ ကျန်တဲ့ လားဟူတို့ ကျန်တဲ့ ANC တို့ကို မဖိတ်တာက ကျွန်တော်တို့ နားလည်တာက အစိုးရက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဘက်အနေနဲ့ မသတ်မှတ်ခဲ့တဲ့ အပေါ်မှာ သူတို့ ဒါကို မဖိတ်တာလို့ နားလည်နိုင်တယ်။ သို့သော် ALP နဲ့ CNF ကို မဖိတ်တာကိုတော့ နည်းနည်းစိတ်ဝင်စားတယ်။ စဉ်းစားစရာ ဖြစ်သွားတယ်။ ‘ဝ’ နဲ့ ချင်းတွေနဲ့ ကြားမှာ ဘာမှပြဿနာ ရှိတယ်လို့ မကြားဖူးဘူး။ ချင်းတို့၊ နာဂတို့၊ ဝတို့ ပိုတောင်နီးစပ်သေးတယ်။ နာဂလည်း မပါဘူးဆိုတော့ ဒါဆိုရင် တစ်ခုပြန်စဉ်းစားစရာ ရှိတာက အိန္ဒိယဘက် ဆက်စပ်တဲ့ အခြမ်းက ကျန်တဲ့သဘော ရှိတယ်။ ဒါက ကျွန်တော်မြင်တဲ့ အမြင်။ ALP အိန္ဒိယဘက် အခြေစိုက်တယ်။ နောက်တစ်ခါ CNF ကလည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားမှာ စိုက်တယ်။ နောက်တစ်ခုက နာဂဆိုတော့ အချက်အလက်ကတော့ မှန်ချင်မှ မှန်မယ်။ တစ်ခုစဉ်းစားလို့ ရတာက ဗမာပြည် အနောက်ခြမ်းက အဖွဲ့အစည်းတွေ မဖိတ်ဘူး ဖြစ်နေတာပေါ့’’ ဟု ပြောကြားသည်။အစိုးရက အပစ်ရပ်စဲရေး ဆွေးနွေးဘက်အဖြစ် သတ်မှတ်မထားသော်လည်း လက်ရှိတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ကိုမူ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ညီလာခံနှင့် ပတ်သက်၍ သတင်းယူရန် အဆိုပြုသည့် ပြည်တွင်း၊ ပြည်ပ မီဒီယာများကိုလည်း ရွေးချယ်၍ အကြောင်းပြန်ကြားသွားမည်ဟု UWSP/UWSA ၏ ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

Most Read

Most Recent