ခနောက်စိမ်း၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံနှင့် ခရိုမီယမ်သတ္တုများ ထုတ်လုပ်ရန် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီပေါင်း ၁၃၉ ခုရှိ

ခနောက်စိမ်း၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံနှင့် ခရိုမီယမ်သတ္တုများ ထုတ်လုပ်ရန် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီပေါင်း ၁၃၉ ခုရှိ
Published 20 April 2015

ခနောက်စိမ်း၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံနှင့် ခရိုမီယမ်သတ္တုများ ထုတ်လုပ်ရန်အတွက် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီပေါင်း ၁၃၉ ခုရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကုမ္ပဏီအရေအတွက်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းဖြစ်ပြီး အသေးစားနှင့် အကြီးစား ထုတ်လုပ်မှုများအတွက် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး အသေးစား ထုတ်လုပ်မည့် ကုမ္ပဏီအရေအတွက်မှာ ပိုများကြောင်း သိရသည်။
သတ္တုအမျိုးအစားအလိုက် အသေးစားနှင့် အကြီးစားထုတ်လုပ်မည့် ကုမ္ပဏီအရေအတွက်ကို ကြည့်မည်ဆိုပါက ခနောက်စိမ်း သတ္တုအကြီးစား ထုတ်လုပ်မည့် ကုမ္ပဏီတစ်ခုနှင့် အသေးစားထုတ်လုပ်မည့် ကုမ္ပဏီ ၅၂ ခုရှိကြောင်း၊ ခဲသတ္တု အကြီးစားထုတ်လုပ်မည့် ကုမ္ပဏီလေးခုနှင့် အသေးစားထုတ်လုပ်မည့် ကုမ္ပဏီ ၅၈ ခုရှိကြောင်း၊ သွပ်သတ္တုအား အကြီးစားထုတ်လုပ်မည့် ကုမ္ပဏီနှစ်ခုနှင့် အသေးစားထုတ်လုပ်မည့် ကုမ္ပဏီနှစ်ခု ရှိကြောင်း၊ ကြေးနီသတ္တု အကြီးစားထုတ်လုပ်မည့် ကုမ္ပဏီတစ်ခုနှင့် အသေးစားထုတ်လုပ်မည့်ကုမ္ပဏီ ၁၄ ခုရှိကြောင်း၊ သံသတ္တုအကြီး စားထုတ်လုပ်မည့် ကုမ္ပဏီတစ်ခုနှင့် အသေးစားထုတ်လုပ်မည့် ကုမ္ပဏီသုံးခုရှိကြောင်း၊ ခရိုမီယမ်သတ္တု အကြီးစားထုတ်လုပ်မည့် ကုမ္ပဏီတစ်ခုရှိကြောင်း အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့်လည်း မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြု တင်ပြလာသည့် လုပ်ငန်းများကို ပြန်လည်ခွင့်ပြုပေးလျက်ရှိ ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရှီးလိုက်ရောရာ သတ္တုများ  ခွဲခြားသန့်စင်ခြင်း လုပ်ငန်းကို တရုတ်ကုမ္ပဏီ တစ်ခုနှင့် မြန်မာနိုင်ငံက ဦးအိုက်ဝမ်တို့ကို ဖက်စပ်မြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ အတွင်းကလည်း ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ခဲသတ္တုသန့်စင် အကြီးစား ထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခုကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ ကျပ် ၁၃ ဘီလျံကျော်ရှိပြီး နိုင်ငံခြားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ဒေါ်လာ ၂၈၆၈ သန်း ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။                       

Most Read

Most Recent