တောင်သမန်အင်းတွင် ယာယီဈေးဆိုင်တန်းများ စတင်ဆောက်လုပ်လျက်ရှိပြီး သင်္ကြန်ကာလအတွင်း လုံခြုံရေးအဖွဲ့များ ချထားဆောင်ရွက်မည်

တောင်သမန်အင်းတွင် ယာယီဈေးဆိုင်တန်းများ စတင်ဆောက်လုပ်လျက်ရှိပြီး သင်္ကြန်ကာလအတွင်း လုံခြုံရေးအဖွဲ့များ ချထားဆောင်ရွက်မည်
Published 20 April 2015
အောင်သူ၊ လဲ့လဲ့အောင်

တောင်သမန်အင်းတွင် သင်္ကြန်ကာလအတွင်း အပူရှောင် နားခိုလာသူများအတွက် ယာယီဈေးဆိုင်တန်းများ စတင်ဆောက်လုပ်လျက်ရှိပြီး ရေကစားသူများ အန္တရာယ်မဖြစ်စေရန် ဦးပိန်တံတားပေါ်နှင့် တောင်သမန်အင်း ပတ်ဝန်းကျင်၌ လုံခြုံရေးအဖွဲ့များ ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။သင်္ကြန်ကာလအတွင်း ဦးပိန်တံတားနှင့် တောင်သမန်အင်းစောင်း အနီးဝန်းကျင်တွင် ယာယီစားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချလေ့ရှိရာ ဆိုင်ဆောက်လုပ်ခြင်းအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ခွင့်ပြုပေးပြီး ယခုနှစ်တွင် တံတားအနီးဝန်းကျင်၌ ဆိုင်ဆောက်လုပ်ရန် ၂၅ ဦး ခွင့်ပြုပေးထားကြောင်း သိရသည်။ဆိုင်ခန်းများ ချထားပေးရာတွင် နှစ်စဉ်ဖွင့်လှစ် ရောင်းချသူများအား ဦးစားပေး ချထားပေးခြင်းဖြစ်ပြီး နှစ်စဉ်ဆောက်နေကျ နေရာများအတိုင်း ချထားပေးခြင်းဖြစ်ကာ စည်းကမ်းသတ်မှတ်ချက် အနေဖြင့် အရက်၊ ဘီယာရောင်းချခြင်းကို ကန့်သတ်ထားကြောင်း သိရသည်။“သင်္ကြန်တွင်းကာလမှာ တောင်သမန်အင်းက နေ့လယ်ပိုင်း နေပူချိန်မှာ ပိုစည်လေ့ရှိတော့ အပူရှောင်နားနေနိုင်တဲ့ ယာယီဆိုင်ခန်းတွေ ဆောက်လုပ်ရောင်းချလေ့ ရှိတယ်။ ဒီနှစ်အတွက် တံတားအနီး ဝန်းကျင်နေရာမှာ ဆိုင်ခန်းဆောက်လုပ်ဖို့ ၂၅ ဦးကို ခွင့်ပြုပေးထားတယ်။ ခွင့်ပြုပေးထားတဲ့ ယာယီဆိုင်ခန်းတွေမှာ အရက်၊ ဘီယာရောင်းချခွင့် ကန့်သတ်ထားပါတယ်” ဟု ဆိုင်ခန်းချထားပေးသည့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။တံတားနှင့် အင်းအနီးဝန်းကျင်၌ ယာယီဆိုင်ခန်း ဆောက်လုပ်ရောင်းချသူများ အနေဖြင့် ပေ ၃၀ ခန့် ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၂၅၀၀၀ ပေးသွင်းရပြီး ဆောက်လုပ်ရောင်းချရခြင်းဖြစ်ကာ ယင်းမှရရှိသည့် ဆိုင်ခန်းအခွန်များအား လုံခြုံရေးအသုံးစရိတ်အဖြစ် အသုံးပြု၍ အင်းအတွင်း လာရောက်အပူရှောင် ရေကစားသူများ အန္တရာယ် မဖြစ်စေရန် လုံခြုံရေးချထားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“ယာယီဆိုင်ခန်းဖွင့်တဲ့ သူတွေကို တစ်ဆိုင် ၂၅၀၀၀ ခွဲကောက်ပြီး ရရှိတဲ့ငွေတွေကို လုံခြုံရေးအသုံးစရိတ်အဖြစ် အသုံးပြုသွားမှာပါ။ ဒီနှစ်မှာ ဦးပိန်တံတားပေါ်၊ တောင်သမန်အင်းအတွင်းနဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေးအဖွဲ့တွေခွဲပြီး ချထားပေးသွားမှာပါ။ သက်ဆိုင်ရာ ရဲ၊ ကြက်ခြေနီ၊ မီးသတ်၊ ငှက်လှေအသင်း စတဲ့အဖွဲ့တွေ ပူးပေါင်းပြီး အင်အား ၅၀ လောက်နဲ့ လုံခြုံရေး ဆောင်ရွက်သွားမှာပါ” ဟု ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။လုံခြုံရေးဆောင်ရွက်ခြင်းအား တံတားပေါ်တွင် လှည့်လည်ဆောင်ရွက်ခြင်း၊ အင်းအနီးဝန်းကျင်နှင့် အင်းရေပြင်ပေါ် နေရာငါးခု၌ လုံခြုံရေးအဖွဲ့များ ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး အင်းရေပြင်ပေါ်၌ ငှက်လှေအဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။တောင်သမန်အင်းမှာ သင်္ကြန်တွင်းကာလ၌ နံနက် ၁၁ နာရီနောက်ပိုင်းတွင် အပူရှောင် နားနေသူများဖြင့် အထူးစည်ကားလေ့ရှိပြီး အင်းအတွင်း ရေဆော့ကစားမှုကြောင့် ထိခိုက်မှုများနှင့် ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်လေ့ရှိသောကြောင့် လုံခြုံရေးအဖွဲ့ဝင်များ ထားရှိခြင်းဖြစ်ကာ အမရသုခ လူမှုကူညီရေး အသင်းမှလည်း တောင်သမန်းအင်း အနီးတွင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ ထားရှိကာ ကူညီပေးသွားမည်ဟု သိရသည်။

Most Read

Most Recent