နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ နေပြည်တော်၌ ပြုလုပ်

နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ နေပြည်တော်၌ ပြုလုပ်
Published 8 April 2015
နေရိုင်း၊ စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း

ဧပြီ ၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းတင်၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းနှင့် NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ (ဝဲမှယာ)
သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ နိုင်ငံရေးပါတီ ကိုယ်စားပြု ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၈ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။အဆိုပါ တွေ့ဆုံပွဲကို မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီခန့်အထိ ငြိမ်းချမ်းရေးနှင့် အင်န်စီအေမူကြမ်း အတည်ပြုနိုင်ခဲ့သည့် ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ချောမွေ့ရေး၊ ရွေးကောက်ပွဲမတိုင်မီ ကြားကာလနိုင်ငံရေး တည်ငြိမ်ရေး စသည့်အကြောင်းအရာတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှစ်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ယခင် တွေ့ဆုံပွဲများတွင် တပ်မတော်ဘက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း ယခုဆွေးနွေးပွဲတွင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသာ တက်ရောက်ခဲ့သည့်အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။“ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက တောင်ကြီးဘက် ရောက်နေတော့ မတက်ရောက်နိုင်တာပါ။ ပြီးခဲ့တဲ့ အစည်းအဝေးတုန်းက ဥက္ကဋ္ဌကြီးက အစည်းအဝေးထဲမှာပဲ မေးပါတယ်။ နောက်တစ်ခါကျရင် ကျွန်တော်တို့ရဲ့ ဒုတိယလူ လွှတ်လို့ရမလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆွေးနွေးပွဲ အခြေအနေကြည့်ပြီးတော့ နည်းနည်းလေး သိပ်အားမရတဲ့ အခါကျတော့ နောက်တစ်ယောက် သူ့ကိုယ်စားလွှတ်လို့ ရမလားဆိုတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထဖြေတယ်။ သမ္မတကြီးကိုယ်တိုင် ဖိတ်မှတော့ ပထမလူပဲ လာရမှာပေါ့ဗျာတဲ့။ အခုကျတော့ ပထမလူကလည်း ခရီးလွန်နေတဲ့ အခါကျတော့ ဒုတိယလူကလည်း လွှတ်လို့မရတဲ့ အခါကျတော့ မတက်ဖြစ်တာပါ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။ယခု တွေ့ဆုံပွဲ မပြုလုပ်မီ ဧပြီ ၆ ရက်က လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ ၁၈ ပါတီမှ ခေါင်းဆောင်များအား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တွေ့ဆုံ၍ ဧပြီ ၁၀ ရက်တွင် လွှတ်တော်၌ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ပြောကြားပြီးနောက် ဧပြီ ၈ ရက်တွင် သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီ ခေါင်းဆောင်များ ပါဝင်သည့် ဆွေးနွေးပွဲအား ရုတ်တရက် ပြုလုပ်လာခြင်းဖြစ်သည်။ယခု ဆွေးနွေးပွဲမှ တိုင်းရင်းသားများနှင့် ပတ်သက်၍ အချက်အလက်များစွာ ရရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများ အဆက်မပြတ် ပြုလုပ်ရေးအတွက် ဆွေးနွေးကြကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။သို့ရာတွင် တွေ့ဆုံမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားပေးရန် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ သတင်းထောက်များက သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြောကြားခြင်း မရှိခဲ့ဘဲ ဧပြီ ၉ ရက်တွင် လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရုံး ရုံးအဖွဲ့မှူး ဒေါက်တာတင်မာအောင်က ပြောကြားသည်။“ဆွေးနွေးပွဲ ဆိုတာလည်း အရင်တစ်ခေါက် ဆွေးနွေးပွဲလိုပါပဲ။ ဆွေးနွေးတာတော့ ဆွေးနွေးတယ်။ ဒါပေမဲ့ အဖြေရလဒ်တစ်ခု ဆုံးဖြတ်ချက်တစ်ခုထုတ်ပြီး ရှေ့ဆက်ပြီးတော့ ဘယ်လိုအကောင်အထည်ဖော်မယ် ဆိုတာမျိုးကတော့ ဆုံးဖြတ်ချက် မရကြဘူးပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် တွေ့ဆုံဆွေးနွေး အဖြေရှာမှဖြစ်တာ။ တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာလည်း ဒီလောက်များပြားတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်များထက်စာရင် မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ်သင့်တယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးအေးသာအောင်က ပြောကြားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကလည်း အလားတူ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ သက်ဆိုင်ရာနိုင်ငံရေး ဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ပြီး ညင်သာစွာ အသွင်ကူးပြောင်းသော နိုင်ငံရေးဖြစ်စဉ်များ ပေါ်ပေါက်ရေးတို့အတွက် ဆွေးနွေးခဲ့သော်လည်း တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်မှုအပေါ် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။အတိုက်အခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည်။
 
သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်
 
ဆွေးနွေးပွဲ တက်ရောက်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
သို့ရာတွင် သမ္မတဦးသိန်းစိန်က အားလုံးပါဝင်နိုင်ရေးမူအား ကြွေးကြော်ရပ်တည်၍ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာရောက်မီ ရက်ပိုင်းအလို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ၁၄ ဦး တွေ့ဆုံဆွေးနွေးရေး ဖော်ဆောင်ခဲ့သော်လည်း တွေ့ဆုံရာ၌ တစ်ဦးလျှင် ၁၀ မိနစ်ခန့်ဖြင့် လက်ဖက်ရည်သောက် တွေ့ဆုံပွဲပုံစံဖြင့် အဆုံးသတ်ခဲ့သည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်က လေးပွင့်ဆိုင်အား တိုးချဲ့၍ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုကို နိုဝင်ဘာ ၂၅ ရက်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ထိုသို့ ပြည်ထောင်စုလွှတ်တော်မှ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆို အတည်ပြုပြီးသည့်နေ့ နောက်တစ်ရက် နိုဝင်ဘာ ၂၆ ရက်တွင် သမ္မတသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နိုင်ငံရေးပါတီ ၆၀ ကျော်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ပထမအကြိမ် နေပြည်တော်၌ ၁၄ ဦး တွေ့ဆုံရေးထက် ပိုမိုကျယ်ပြန့် တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ထို့နောက်တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၌ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်သဖြင့် တိုင်းရင်းသား မျိုးနွယ်စုကြီး တစ်စုလျှင် တစ်ဦးဖြင့် ထည့်သွင်း၍ ၁၂ ပွင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပေးရန် အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဒီဇင်ဘာ ၉ ရက်တွင် တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံ၍ သုံးဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ အဆိုကို အတည်ပြုခဲ့သည်။ထိုသို့ ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆို တင်သွင်းခြင်းသည် လေးပွင့်ဆိုင်သာမက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုပင် မဖြစ်ပေါ်စေရန် ဖန်တီးခြင်းသာဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဝေဖန်သုံးသပ်ခဲ့ကြသော်လည်း သမ္မတဦးသိန်းစိန်က ၎င်း၏ ကြွေးကြော်သံဖြစ်သည့် အားလုံးပါဝင်ရေးမူကို ဆက်လက်စွဲကိုင်၍ အစိုးရကိုယ်စားပြု တိုင်းရင်းသားရေးရာဝန်ကြီးများ အဓိကပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုအား ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် တစ်ကြိမ်ကျင်းပခဲ့ပြီး သုံးလအကြာ ယခုကဲ့သို့ ထပ်မံပြုလုပ်ခြင်းဖြစ်သည်။

Most Read

Most Recent