နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ နေပြည်တော်၌ ယနေ့ပြုလုပ်မည်

နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ နေပြည်တော်၌ ယနေ့ပြုလုပ်မည်
Published 7 April 2015
စိုးမင်းထိုက်

နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်၌ ဧပြီ ၈ ရက် ယနေ့မွန်းလွဲ ၃ နာရီတွင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ယခုတွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် အင်န်စီအေမူကြမ်း အတည်ပြုနိုင်ခဲ့သည့်ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ချောမွေ့ရေး၊ ရွေးကောက်ပွဲမတိုင်မီ ကြားကာလနိုင်ငံရေး တည်ငြိမ်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲတက်ရောက်သတင်းယူမည့် သတင်းထောက်များအနေဖြင့် မွန်းလွဲ ၂ နာရီနောက်ဆုံးထား၍ လာရောက်ရမည်ဖြစ်ကြောင်း၊ အစည်းအဝေးစတင်ချိန်တွင် သတင်းဓာတ်ပုံရယူခြင်းပြုလုပ်ပြီး ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း၊ ညနေ ၅ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် နိုင်ငံတော်သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များသည် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံမှုတွင် ဆွေးနွေးချိန် ငါးနာရီကျော်ခန့်ရှိခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ သက်ဆိုင်ရာနိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ လွတ်လပ်၍တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ပြီး ညင်သာစွာအသွင်ကူးပြောင်းသော နိုင်ငံရေးဖြစ်စဉ်များ ပေါ်ပေါက်ရေးများကို ဆွေးနွေးခဲ့ကြသည်။ယင်းသို့ဆွေးနွေးခဲ့သည့်အကြိမ်နှင့် ယခုဆွေးနွေးမည့်အကြိမ်သည် အချိန်အားဖြင့် သုံးလနီးပါးခန့်ကြာမြင့်ကြောင်း၊ ပထမအကြိမ်တွင် ၄၈ ဦးဆွေးနွေးရသည့်အတွက် ယေဘုယျဆန်ဆန်သာ ဆွေးနွေးခဲ့ရကြောင်း သိရသည်။၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် သမ္မတအပါအဝင် ၁၄ ဦး တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်ဦးလျှင် အချိန်အားဖြင့် ၁၀ မိနစ်ခန့်စီသာဆွေးနွေးခဲ့ရကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ၄၈ ဦး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ယေဘုယျဆန်ဆန်သာဆွေးနွေးခဲ့ရကြောင်း သိရသည်။ပြည်ထောင်စုလွှတ်တော်ကအတည်ပြု ထားသည့် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်တွင်းရှိ တိုင်းရင်းသားပါတီများကိုယ်စားတစ်ဦး စသည်ဖြင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင်အတည်ပြုထားခဲ့ကြောင်း၊ အဆိုအတည်ပြုပြီးသည်မှာ လေးလနီးပါးရှိလာပြီဖြစ်ကြောင်း၊ ဧပြီ ၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည် ဧပြီ ၁၀ ရက်တွင် ဖြစ်မည်ဖြစ်ကြောင်း ပြောကြားမှုများရှိခဲ့သည်။ဒေါက်တာအေးမောင်က "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် အကြံဉာဏ်များယူမလား။ တွေ့ဆုံမှုရဲ့အရေးပါမှုကို အရောင်ပျော့သွားစေချင်တဲ့သဘောလား။ ၄၈ ပွင့်တွေ့တာကတော့ တွေ့တာတွေ့ပေါ့။ တွေ့တယ်ဆိုတာ ဓာတ်ပုံအရိုက်ခံရုံနဲ့တော့မရဘူး။ ရလဒ်ထွက်ရမယ်။ အဲ့ဒီရလဒ်က လူထုအတွက်အကျိုးရှိရမယ်။ ဘယ်နှဦးပဲတွေ့တွေ့၊ တွေ့တဲ့သူဟာ တာဝန်တစ်ခုရှိရမယ်။ ခြောက်ပွင့်နဲ့ ၄၈ ပွင့်ကို မနှိုင်းယှဉ်ချင်ဘူး။ ခြောက်ပွင့်မှာက ကိုယ်စားပြုမှုတွေရှိတယ်။ အကြောင်းအရာကရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ စသည်ဖြင့် သူ့ရဲ့ဦးတည်ချက်ကရှိတယ်။ ၄၈ ယောက်ရဲ့ဦးတည်ချက်ကို ကျွန်တော်မသိဘူး။ အဲဒါကြောင့် မဝေဖန်လိုဘူး။ ခြောက်ပွင့်ရဲ့တောင်းဆိုထားတဲ့အဆိုက ခေတ်နဲ့လျော်ညီတဲ့ ဖွဲ့စည်းပုံကြီးတစ်ခုဖြစ်ဖို့၊ လက်ရှိအစိုးရနဲ့ အနာဂတ်ပေါ်ထွန်းလာမယ့်အစိုးရနှစ်ရပ် တိုင်းပြည်တည်ဆောက်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်ကကြီးပါတယ်။ အဲဒီအကြောင်းအရာနဲ့ဆွေးနွေးမှာက ခြောက်ပွင့်ဆိုင်ဖြစ်ပါတယ်" ဟု ပြောကြားသည်။                             

Most Read

Most Recent