မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး အခြေခံအဆောက်အအုံကဏ္ဍအတွက် နှစ်စဉ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံကြား လိုအပ်နေ

မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး အခြေခံအဆောက်အအုံကဏ္ဍအတွက် နှစ်စဉ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံကြား လိုအပ်နေ
Published 7 April 2015
ဇော်ဝေ

မြန်မာနိုင်ငံငွေကြေးလိုအပ်ချက်မှာ ကြီးမားပြီး နှစ်စဉ် GDP တိုးတက်နှုန်း ရှစ်ရာခိုင်နှုန်းရရှိရန်အတွက် အခြေခံအဆောက်အအုံကဏ္ဍအတွက် တစ်နှစ် ဒေါ်လာ ငါးဘီလျံ မှ ခုနစ်ဘီလျံ အကြား လိုအပ်ချက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ADB ဘဏ် မှ ၂ဝ၁၇-၂ဝ၂၁ ငါးနှစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းရာ၌ အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဗင်ဖရက်ဗင်ကလိုင်က ပြောကြားသည်။ 
 
မြန်မာနိုင်ငံငွေကြေးလိုအပ်ချက်မှာ များပြားသည့်အတွက် ADB ဘဏ်အနေဖြင့် အခြားသော လုပ်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အစိုးရလိုအပ်ချက်ကို ဖြည့်ဆီးသွားရန်ရှိကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂ဝ၁၃ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ပျမ်းမျှ ဒေါ်လာ သန်း ၅ဝဝ ဝန်းကျင် ထုတ်ချေးနေကြောင်း ၎င်းက ပြောကြားသည်။
 
“တကယ်တော့ ADB အနေနဲ့ လုပ်နိုင်တာ နည်းနည်းလေးပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လိုအပ်ချက်က အများကြီးပါပဲ။ လက်ရှိ စီးပွားရေးတိုးတက်နှုန်းဖြစ်တဲ့ ရှစ်ရာခိုင်နှုန်းအတိုင်း ရရှိဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ငါးဘီလျံကနေပြီးတော့ ခုနစ်ဘီလျံအထိ လိုအပ်နေမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
 
“အခုဆို ကျွန်တော်တို့ ၂ဝ၁၃-၂ဝ၁၆ ခုနှစ်က ရရှိပြီးဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို ဒေါ်လာ သန်း ၂ဝဝ လောက် အစိုးရကို အထောက်အပံ့၊ ချေးငွေပုံစံတွေနဲ့ ပေးပါတယ်။ နောက်ထပ် ဒေါ်လာ သန်း ၂ဝဝ လောက်က ပုဂ္ဂလိကလုပ်ငန်းအတွက် ဖြစ်ပါတယ်။ 
ဒါ့အပြင် နောက်ထပ် သန်း ၁ဝဝ လောက်ကတော့ အခြားပူးပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းထုတ်ချေးနေပါတယ်။ အနာဂတ်မှာ ဘယ်လိုထုတ်ချေးမယ်မလဲဆိုတာ မသိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အစိုးရရဲ့ ငွေကြေးလိုအပ်ချက်က များလှတယ်ဆိုတာသိတဲ့အတွက် ထုတ်ချေးနိုင်ဖို့တော့ ကြိုးစားနေပါတယ်။ ဒါကလည်း သဘာဝပဲ။ ဒီနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေရှိနေမှာပါ။ အစိုးရကို ကူညီဖို့အတွက် ကျွန်တော်တို့  ငွေကြေးအရင်းအမြစ်တွေရရှိအောင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြီးတော့ ပုဂ္ဂလိကလုပ်ငန်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
ADB အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်လက်ဆောင်ရွက်မည့် ၂ဝ၁၇ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ ငါးနှစ်စီမံကိန်းကို ရေးဆွဲနေပြီးဖြစ်ကြောင်း၊ လာမည့်နှစ်တွင် အတည်ပြုရန်ရှိကြောင်း သိရသည်။
 
ယခုငါးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံအတွက် ပထမဆုံးရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
 
အဓိကအားဖြင့် ADB အနေဖြင့် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အစိုးရသို့ ထုတ်ချေးခြင်းအပြင်၊ ပုဂ္ဂလိကလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းနှင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းများကို ၂ဝ၁၇ ခုနှစ်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
 
အာရှဖွံ့ဖြိုးရေးရန်ပုံငွေမှ မြန်မာနိုင်ငံအတွက် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အကြားတွင် ဒေါ်လာ ၁ဝ၂၄ သန်းကို အကူအညီပေးသွားရန်ရှိကြောင်း၊ ယင်းအနက် ၅၁၂ သန်းကို မူဝါဒရေးရာ ချေးငွေအဖြစ် ပေးအပ်လျာထားကြောင်း သိရသည်။           
 

Most Read

Most Recent