ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြား
Published 6 April 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဧပြီ ၁၀ ရက်တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဧပြီ ၆ ရက်တွင် နေပြည်တော်လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် တိုင်းရင်းသားပါတီ ၁၈ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“လာမယ့် ဧပြီ ၁၀ ရက်မှာ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ လုပ်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။ နေ့လယ်ပိုင်းလောက် ဖြစ်ပါမယ်။ ပြည်ထောင်စုလွှတ်တော်လည်း ဧပြီ ၁၀ ရက်မှာ နားမယ်လို့ ပြောပါတယ်” ဟု ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသား အစုအဖွဲ့ ကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရရှိမည့် ဒေါက်တာအေးမောင်က ပြောကြားသည်။ဆက်လက်၍ ဒေါက်တာအေးမောင်က ဆွေးနွေးပွဲ၌ ၎င်းအနေဖြင့် ကဏ္ဍလေးခုကို ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားကြောင်း၊ ပထမတစ်ခုမှာ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေး၊ ဒုတိယတစ်ခုမှာ ဖွဲ့စည်းပုံကို ခေတ်ကာလနှင့် လျော်ညီသော ဖွဲ့စည်းပုံဖြစ်စေရန် ပြင်ဆင်နိုင်ရေး၊ တတိယအချက်မှာ အထွေထွေ သဟဇာတဖြစ်ရေး၊ သင်ပုန်းချေရေးနှင့် စတုတ္ထအချက်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတို့ ဖြစ်ကြောင်း၊ ထို့ပြင် အခြားတိုင်းရင်းသား ပါတီများမှ ထပ်မံတင်ပြလာသည့် အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ၃၁ ဦးအဖွဲ့၏ အစီရင်ခံစာ၌ ပါဝင်သည့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်လိုသည့် ဆွေးနွေးချက်များကို အခြေခံ ဆွေးနွေးသွား ရန်ရှိသည်ဟု ဆိုသည်။“ခြောက်ပွင့်ဆိုင်ကို ဒီတစ်ပတ်ထဲမှာ ဆွေးနွေးမယ်လို့ ပြောတယ်။ ဧပြီ ၁၀ ရက် မတိုင်မီ လွှတ်တော် ဒီတစ်ပတ် မနားခင်မှာ ခြောက်ပွင့်ဆိုင် ဆွေးနွေးဖြစ်မယ်လို့ အကြမ်းဖျင်းပြောသွားတယ်။ ဆွေးနွေးမယ့် အချက်တွေကိုတော့ တိတိကျကျ ဘာမှ ပြောမသွားပါဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လဲချားမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောကြားသည်။ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက “ပြည်ထောင်စုလွှတ်တော် နာယကက ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို ဧပြီ ၁၀ ရက်အတွင်း ပြုလုပ်မယ်။ ပါတီတွေ အနေနဲ့ ပြင်ဆင်ထားကြဖို့ ပြောပါတယ်” ဟု ပြောကြားသည်။
လာမယ့် ဧပြီ ၁၀ ရက်မှာ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ လုပ်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။ နေ့လယ်ပိုင်းလောက် ဖြစ်ပါမယ် . . . . .

လွှတ်တော်မှ အစိုးရသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ဆွေးနွေးရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာအေးမောင်တို့ ခြောက်ဦး တွေ့ဆုံဆွေးနွေးကြရန် အရေးကြီးအဆို တင်သွင်းတိုက်တွန်းထားခြင်း ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂၀၁၅ မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မစုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉(စ)အပါအဝင် ပုဒ်မပေါင်း ၂၁၀ ခုအား ပြင်ဆင်ရန် အကြံပြုခဲ့သည်။ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြီး နောက်ပိုင်းမှသာ လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းနိုင်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ခန့်မှန်းပြောကြားထားသည်။

Most Read

Most Recent