ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း စတင်အကောင်အထည်ဖော်

ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း စတင်အကောင်အထည်ဖော်
Published 6 April 2015
အောင်ရဲကို

ဒေါ်လာသန်း ၅ဝဝ ခန့် ကုန်ကျမည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နော်ဝေအစိုးရတို့မှ ထောက်ပံ့မည်ဖြစ်သော ဒေါ်လာသန်း ၅ဝဝ ခန့်ကုန်ကျမည့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ခုနစ်နှစ်တာကြာမည့် စီမံကိန်းဖြစ်ပြီး လက်ရှိအချိန်မှ လက်တွေ့အကောင်အထည်ဖော်ရမည့် ရေတို-ရေရှည် လုပ်ငန်းစီမံကိန်းများကို စတင်အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။ယင်းစီမံကိန်း အဓိကပါဝင်မည့် မဟာဗျူဟာ ခြောက်ခုတွင် မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ထင်ရှားသော ခရီးသွားနေရာသစ် တစ်ခုအဖြစ် မြှင့်တင်ခြင်း၊ နိုင်ငံခြားသားများအတွက် အခြေခံအဆောက်အအုံ တိုးတက်လာရန်၊ အဆင့်အတန်း အရည်အသွေးမြင့်သော ခရီးစဉ်ဒေသများ တိုးတက်စေရန်၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းများ ရေးဆွဲရန်နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်နှင့် အဖွဲ့အစည်းများ အင်အားတောင့်တင်းရန်ဖြစ်ကြောင်း သိရသည်။ယင်းမဟာဗျူဟာအပေါ် အခြေခံပြီး ပရောဂျက် ၃၈ ခုရှိမည်ဖြစ်ကာ ဒေါ်လာ ၄၈၆ ဒသမ ၆ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ပရောဂျက် ၂၁ ခုအတွက် ဒေါ်လာ ၂၁၅ ဒသမ ၆ သန်း ရရှိထားကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးထံမှ သိရသည်။လက်ရှိ ရေးဆွဲပြီးစီးခဲ့သော h Tourism Master Plan အရ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုနှုန်းမှာ တစ်နှစ်လျှင် ၁ ဒသမ ၅ သန်းနှုန်း တိုးမြင့်ဝင်ရောက်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် နိုင်ငံခြားသားဧည့်သည် ရှစ်သန်းအထိ ဝင်ရောက်မည်ဟု သိရသည်။ယင်းအပြင် ဝင်ရောက်တိုးမြင့်လာသော နိုင်ငံခြား ဧည့်သည်များထံမှ ရရှိမည့် ဝင်ငွေမှာ ၂ဝ၂ဝ တွင် ဒေါ်လာ ၁ဝ ဘီလျံကျော်အထိ ရှိမည်ဖြစ်ကြောင်း hTourism Master Plan တွင် ဆက်လက်ဖော်ပြထားသည့်အပြင် လာမည့်ခုနစ်နှစ်တာ ကာလအတွင်း နိုင်ငံခြား ခရီးသွားများ၏ ဝန်ဆောင်မှုကို အဓိကတိုးမြှင့်မည့် ဒေသများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုးနှင့် ငပလီကမ်းခြေတို့ဖြစ်ကြောင်း သိရသည်။ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့မှာလည်း hTourism Master Plan အရ အဆင့်မြှင့်တင်မှုတွင် ပါဝင်မည်ဖြစ်သည့်အပြင် ပူတာအို၊ မြိတ်ကျွန်းစု၊ နာဂလမ်း၊ နတ်မောက်တောင်နှင့် လွိုင်ကော်တို့ကိုလည်း အဆင်ပြေသွားလာရ လွယ်ကူအောင် လုပ်ဆောင်မည်ဟုလည်း သိရသည်။မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုနှုန်းမှာ အာဆီယံနိုင်ငံများထဲတွင် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး လေးနှစ်တာကာလ၌ ၈၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားဦးရေ တစ်သန်းခွဲကျော် ဝင်ရောက်ပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။လက်ရှိ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ငါးသန်းအထိ ဝင်ရောက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မျှော်မှန်းထားကြောင်း၊ အမျိုးသားဝင်ငွေ အနေဖြင့် ခရီးသွားလုပ်ငန်းမှ ရရှိမှုမှာ ဒေါ်လာတစ်ဘီလျံနှင့် နှစ်ဘီလျံအကြား ရှိမည်ဟု သိရသည်။

Most Read

Most Recent