ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းမှ အိမ်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချမည်

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းမှ အိမ်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချမည်
Published 6 April 2015
နီလာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများမှ ပထမအဆင့် ရောင်းချမည့် အခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ စုံစမ်းသိရသည်။အဆိုပါ ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းမှ အိမ်ခန်းများ ရောင်းချရာတွင် အရစ်ကျပေးချေ စနစ်ဖြင့် ချိတ်ဆက်ရောင်းချမည့်အပေါ် “ဟုတ်ပါတယ်။ ကျွန်တော်တို့ဘဏ်နဲ့ပါ။ သူတို့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တန်ဖိုးနဲ့ အခုအပြင်မှာ ရောင်းနေတဲ့ အိမ်ရာတွေရဲ့ တန်ဖိုးနဲ့ နည်းနည်းလေး ကွာတယ်လေ။ ကွာတဲ့အခါကျတော့ သူတို့ကို ချေးပေးမယ့်ငွေကို ဘယ်လောက်ချေးပေးမလဲ၊ ဘယ်လိုချေးပေးမလဲဆိုတာ ပြန်ညှိရမှာပေါ့။ ကျွန်တော်တို့ဘဏ်နဲ့ လုပ်မှာတော့ ဟုတ်ပါတယ်” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများမှ ပထမအဆင့် တည်ဆောက်ပြီးစီးသွားသည့် အခန်းများကို လာမည့်အောက်တိုဘာတွင် အရစ်ကျစနစ်ဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။အဆိုပါ ပထမအဆင့်တွင် အခန်းပေါင်း ၇၂၀၀ ပါဝင်မည်ဖြစ်ကာ ပြည်ထောင်စုအဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ ပထမအဆင့် အခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ပထမအရစ် ရောင်းဈေးမှ ရာခိုင်နှုန်း ၃၀ ပေးသွင်းပြီး ဘဏ်နှင့်ချိတ်ဆက်ကာ လေးနှစ်ပေးသွင်းကာ ရောင်းချရန် စီစဉ်ထားကြောင်းလည်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဧရာဝဏ်နှင့် ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိရာ ပထမအဆင့် ဦးစားပေးအိမ်ရာ စီမံကိန်း အလုံး ၂၀ အနက် အချို့အဆောက်အအုံများကို လာမည့် စက်တင်ဘာလကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း မြေဧက ၂၂၀ ပေါ်တွင် ၁၈ ထပ် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းအနေဖြင့် ပထမအဆင့်အလုံး ၂၀၊ ဒုတိယဦးစားပေးအဆင့် ၁၃ လုံး၊ တတိယဦးစားပေးအဆင့် ၁၆ လုံး၊ စုစုပေါင်း ၄၉ လုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုရန်းပေ ၆၀၀ ကျယ်ဝန်းသော အိမ်ခန်းပေါင်း ၁၉၆၀၀၊ လူဦးရေပျမ်းမျှ တစ်သိန်း နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိဆောင်ရွက်နေသည့် ပထမအဆင့် ဦးစားပေးအိမ်ရာ စီမံကိန်း အလုံး ၂၀ အနက် အချို့အဆောက်အအုံများမှာ စတုတ္ထထပ်အထိ အသီးသီး တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ ၂၀၁၅ စက်တင်ဘာလကုန် အပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့က လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း စသည်တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်နေကြောင်း သိရသည်။   

Most Read

Most Recent