အမျိုးသားပို့ကုန် မဟာဗျူဟာကို ယခုနှစ် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး ဦးစားပေးကဏ္ဍ အများစုသည် အစိုးရ ငွေကြေးအကူအညီ လိုအပ်နေ

အမျိုးသားပို့ကုန် မဟာဗျူဟာကို ယခုနှစ် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး ဦးစားပေးကဏ္ဍ အများစုသည် အစိုးရ ငွေကြေးအကူအညီ လိုအပ်နေ
Published 5 April 2015
ဇော်ဝေ

အမျိုးသားပို့ကုန် မဟာဗျူဟာကို ယခုနှစ် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး ကဏ္ဍအများစုသည် အစိုးရအကူအညီ လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝ န်ကြီးဌာနနှင့် International Trade Center တို့ ပူးပေါင်းပြုလုပ်သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ဦးစားပေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲမှ သိရသည်။အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂ဝ၁၃ ခုနှစ်အတွင်း စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဦးစားပေး ကဏ္ဍများအတွက် နှစ်နှစ်ကြာ ဆွေးနွေးခဲ့ပြီးနောက် ယခုနှစ် စတင်အကောင်အထည် ဖော်ခြင်းဖြစ်ကာ ငါးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ကုန်စည်အနေဖြင့် ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ဝန်ဆောင်မှုအနေဖြင့် ခရီးသွားလုပ်ငန်းက အထောက်အကူပြုစေမည့် ကဏ္ဍများတွင် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးတို့မှာ ဦးစားပေးကဏ္ဍများတွင် ပါဝင်ပြီး အလားအလာကောင်းသော ကဏ္ဍတွင် ရော်ဘာကို ရွေးချယ်ထားကြောင်း သိရပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတို့သာ အစိုးရဘက်မှ ငွေကြေးအကူအညီ မလိုအပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ပဲမျိုးစုံကဏ္ဍ အနေဖြင့် ယခုနှစ် ဈေးကွက်အခြေအနေများ သုတေသန ပြုလုပ်ရန်နှင့် တောင်သူများသို့ မျိုးကောင်းမျိုးသန့် ဖြန့်ဝေရေး လုပ်ငန်းဆိုင်ရာများကို ဦးစားပေးကဏ္ဍအဖြစ် ရွေးချယ်ထားပြီး ဒေါ်လာငါးသိန်းခန့် ကုန်ကျနိုင်ကြောင်း၊ အစိုးရဘက်မှ စိုက်ထုတ်ရန် လိုအပ်နေကြောင်း သိရသည်။အလားတူ ရော်ဘာကဏ္ဍတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ဈေးနှုန်းကျဆင်းမှုကို ကာကွယ်ရန်အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်သွားရန်၊ မျိုးကောင်းမျိုးသန့် လက်မှတ်များ ထုတ်ပေးနိုင်ရန်တို့ ပါဝင်ကြောင်း၊ ကုန်ကျစရိတ်၏ ၇၅ ရာခိုင်နှုန်းအထိ အစိုးရဘဏ်မှ ထည့်ဝင်ရန်၊ ဆန်စပါးကဏ္ဍ အနေဖြင့်လည်း မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးရေး၊ မျိုးစေ့ထုတ်လုပ်ရေးနှင့် စက်မှုလယ်ယာသုံး စက်ကိရိယာများ ငှားရမ်းခြင်း လုပ်ငန်းများကို အထူးဦးစားပေး လုပ်ကိုင်ရန်ရှိပြီး သစ်တောကဏ္ဍတွင်လည်း လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး၊ ဈေးကွက်ဆိုင်ရာ သုတေသနများ လုပ်ဆောင်ရန်ရှိကြောင်း၊ ဒေါ်လာ တစ်သန်းအထိ ကုန်ကျနိုင်ကြောင်း၊ အစိုးရဘက်မှ ဒေါ်လာ ၇၅ဝဝဝဝ အထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ကုန်သွယ်မှု သတင်းအချက်အလက်ကဏ္ဍ အနေဖြင့် သတင်းအချက်အလက် စင်တာတစ်ခု ထူထောင်ရန်အတွက် အစိုးရက စိုက်ထုတ်ရန် လိုကြောင်းနှင့် ယင်းကဏ္ဍအတွက် စုစုပေါင်း ဒေါ်လာသုံးသိန်း ကုန်ကျနိုင်ကြောင်း၊ ထက်ဝက်ကို အစိုးရဘက်မှ စိုက်ထုတ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent