မြန်မာနိုင်ငံမှ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် ကနေဒါနိုင်ငံက အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်

မြန်မာနိုင်ငံမှ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် ကနေဒါနိုင်ငံက အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်
Published 2 April 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံမှ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် ကနေဒါနိုင်ငံက အခွန်ကင်းလွတ်ခွင့် ပြန်လည် ပေးအပ်လိုက်သည်ဟု နိုင်ငံတကာ သတင်းများအရ သိရသည်။
ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအတွက် အထွေထွေဦးစားပေး အခွန်ကင်းလွတ်ခွင့် (GPT) ကို ပြန်လည်ခံစားခွင့် ပေးအပ်ခြင်းနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် အခြေအနေ ပြန်လည်သတ်မှတ် ပေးလိုက်ခြင်းကြောင့် မြန်မာ့ပို့ကုန်များ အခွန်ကင်းလွတ်ခွင့် ပြန်လည်ရရှိခြင်းဖြစ်သည်။
ကနေဒါနိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းသို့ တင်သွင်းမည့် မြန်မာ့ပို့ကုန်များကို အခွန်ကင်းလွတ်ခွင့် ပေးအပ်ခြင်းအား ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကြောင့် ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြန်လည်ခံစားခွင့် ပေးအပ်လိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပါအဝင် နိုင်ငံအတွင်း အပြုသဘော ဆောင်သော တိုးတက်မှုများကြောင့် အခွန် ကင်းလွတ်ခွင့်ကို ပြန်လည်ခံစားခွင့်ပေးအပ် လိုက်ခြင်းဖြစ်သည်ဟု ကနေဒါအစိုးရက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ကနေဒါသံရုံးကို ကနေဒါ နိုင်ငံခြားရေးဝန် ကြီးကိုယ်တိုင်တက်ရောက်ကာ ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်တွင် တရားဝင်ဖွင့်လှစ်ပေးခဲ့ သည်။
သံရုံးဖွင့်လှစ်လိုက်ခြင်းဖြင့် ကနေဒါ နိုင်ငံ၏ မြန်မာနိုင်ငံတွင် ချိတ်ဆက်လုပ်ကိုင်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိသော ဒီမိုကရေစီစနစ်ကျပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ရန် ကြိုးပမ်းမှုများအား ထောက်ပံ့ပေးနိုင်မည်ဟု ဆိုသည်။
ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ၂၀၁၃ ခုနှစ်အတွင်းက ကုန်သွယ်မှု စာရင်းများအရ ကနေဒါနိုင်ငံမှ တင်ပို့မှုမှာ ဒေါ်လာရှစ်သန်း သုံးသောင်းကျော်တန်ဖိုးရှိပြီး တင်သွင်းမှုမှာ ဒေါ်လာရှစ်သန်းငါးသောင်းကျော်ဖိုး ရှိနေသည်။
မြန်မာနိုင်ငံတွင် အုပ်ချုပ်မှုပိုမိုကောင်း မွန်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံရန် ကနေဒါလုပ်ငန်းရှင်များ ပိုမိုဝင်ရောက်လာမည်ဟု ကနေဒါအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီးက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပြောကြားသည်။
ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းတွင် အထွေထွေ အခွန်ကင်းလွတ်ခွင့် ခံစားခွင့် GSP ပြန်လည်ပေးအပ်ခဲ့သည်။