သမ္မတနှင့် အမေရိကန် အောက်လွှတ်တော်အမတ်များ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကိစ္စများ ဆွေးနွေး

သမ္မတနှင့် အမေရိကန် အောက်လွှတ်တော်အမတ်များ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကိစ္စများ ဆွေးနွေး
Published 1 April 2015
စိုးမင်းထိုက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်အမတ်များ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စသည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ဧပြီ ၁ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် အဆိုပါအဖွဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ ဆွေးနွေးသည့် အကြောင်းအရာများအား အကျဉ်းချုပ်အဖြစ် ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားသည်။ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “အဲဒီအဖွဲ့ကို သမ္မတကြီး ရှင်းပြတာကတော့ ဒီကနေ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကို အသေးစိတ် ရှင်းပြခဲ့တယ်။ နောက်တစ်ခုက လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေပါ။ ဒါတွေကို ရှင်းပြပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်နိုင်ငံကနေပြီးတော့မှ အတတ်ပညာ၊ နည်းပညာတွေ ကူညီဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပေးဖို့ ပြောပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။ဆွေးနွေးရာတွင် နှစ်ဖက်အပြန်အလှန် အမြင်ချင်းဖလှယ်ပြီး ပြောသည့် ကိစ္စများ ရှိကြောင်း၊ အာရှဒေသ လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ လွတ်လပ်ပြီးတော့မှ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်အပြန်အလှန် ဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ကြပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။ ယင်းကဲ့သို့ ဆွေးနွေးရာတွင် အဖွဲ့ခေါင်းဆောင် တစ်ယောက်တည်းက ဆွေးနွေးခြင်း မဟုတ်ကြောင်း၊ မစ္စနန်စီပလိုစီနှင့်အတူ လိုက်ပါလာသည့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးခန့်က သိချင်သည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်းဖြင့် အမြင်ချင်း ဖလှယ်ကြကြောင်း ပြောကြားသည်။“သမ္မတကြီးကတော့ အခုလို လာရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို အမေရိကန်လွှတ်တော် အနေနဲ့ ပိုပြီးသိရှိနိုင်တာပေါ့လို့ ပြန်ပြောခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁ ရက် ညနေ ၄ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ပြီးဆုံးချိန်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ကိုရီးယား၊ ဂျပန် စသည့် ငါးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။မစ္စနန်စီပလိုစီနှင့်အတူ လွှတ်တော်ကော်မတီဝင် ကိုးဦး လိုက်ပါလာပြီး လိုက်ပါလာသည့် လွှတ်တော်ကိုယ်စားလှယ်များတွင် ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်များက အများစုဖြစ်ပြီး ရီပက်ပလီကန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာ ပါဝင်သည်။

Most Read

Most Recent