၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၇၇၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၀၄၅ သန်း ရရှိပြီး ယခင်နှစ် တင်ပို့မှုမှ ရငွေထက် ဒေါ်လာ ၁၁၈ သန်း ပိုမို

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၇၇၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၀၄၅ သန်း ရရှိပြီး ယခင်နှစ် တင်ပို့မှုမှ ရငွေထက် ဒေါ်လာ ၁၁၈ သန်း ပိုမို
Published 1 April 2015
ချမ်းမြေ့သူ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၇၇၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၀၄၅ သန်း ရရှိထားပြီး ယခင်နှစ် တင်ပို့မှုမှ ရငွေထက် ဒေါ်လာ ၁၁၈ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ် ၂၇ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁၀၄၅ သန်း ရရှိထားပြီး တင်ပို့မှုတန်ချိန် အတိအကျမှာ ၁၂၇၇၉၀၀ တန်ဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာမူ ပဲမျိုးစုံတန်ချိန် ၁၃၄၁၂၀၀ တန် တင်ပို့မှုမှ ဒေါ်လာ ၉၂၇ သန်း ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရာတွင် ယခင်နှစ်ကထက် တင်ပို့သည့်တန်ချိန် ၆၃၃၀၀ လျော့နည်းသော်လည်း ရငွေမှာမူ ပိုမိုကြောင်း သိရသည်။“ပဲမျိုးစုံ ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၁၀၄၅ သန်း ရရှိထားပါတယ်။ ဒါက မတ် ၂၇ အထိ စာရင်းပါ။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲတွေကို အဓိကအားဖြင့် အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေကို တင်ပို့နေတာဖြစ်ပြီး အခုနောက်ပိုင်းမှာ အီးယူနိုင်ငံတွေကိုလည်း တင်ပို့မှုတွေ ပြုလုပ်နေပါပြီ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ပြည်ပသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲနှင့် ပဲထောပတ် စသည်ပဲများကို တင်ပို့မှု ပြုလုပ်လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်၊ ယူအေအီး၊ အင်ဒိုနီးရှားနှင့် အီးယူနိုင်ငံများသို့ တင်ပို့မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။မတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် FOB ပေါက်ဈေးများမှာ မတ်ပဲ (2015 Crop) FAQ တစ်တန်လျှင် ဒေါ်လာ ၈၉၀-၉၂၀၊ မတ်ပဲ (2015 Crop) SQ တစ်တန်လျှင် ဒေါ်လာ ၉၅၀-၉၈၀၊ မတ်ပဲ (2014 Crop) FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀-၉၁၀၊ မတ်ပဲ (2014 Crop) SQ တစ်တန်လျှင် ဒေါ်လာ ၉၄၀-၉၇၀၊ ပဲတီ စိမ်း FAQ (အညာ) တစ်တန်လျှင် ဒေါ်လာ ၁၀၀၀-၁၀၅၀၊ ပဲစဉ်းငုံ (2015 Crop) အနီ တစ်တန်လျှင် ဒေါ်လာ ၈၈၀-၉၁၀၊ ပဲစဉ်းငုံ (2015 Crop) ဖြူ၊နီ တစ်တန်လျှင် ဒေါ်လာ ၈၈၀-၉၁၀ ပေါက်ဈေးအသီးသီးရှိကြောင်း သိရသည်။