၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုထက် ဒေါ်လာ သုံးဘီလျံကျော် ပိုမို

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုထက် ဒေါ်လာ သုံးဘီလျံကျော် ပိုမို
Published 1 April 2015
ချမ်းမြေ့သူ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုထက် ဒေါ်လာသုံးဘီလျံကျော် ကုန်သွယ်မှု ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၁၄၃၅ သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၁၆၃၃၅ သန်းကျော် အသုံးပြုခဲ့ကြောင်း သိရသည်။ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုမှာမူ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၀၈၁၄ သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၁၃၆၁၅ သန်းကျော် အသုံးပြုကာ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၄၄၃၀ သန်းကျော်ဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှု စုစုပေါင်းနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ဒေါ်လာသုံးဘီလျံကျော် ကုန်သွယ်မှု ပိုမိုပြုလုပ်ထားခြင်းဖြစ်ကာ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်ထက်ပင် ပိုမိုရရှိခဲ့ကြောင်း သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၉၅၃၀ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၆၁၇၀ သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၅၇၀၀ သန်းကျော် ရရှိရန် လျာထားခြင်းကြောင့် ကုန်သွယ်မှုလမ်းကြောင်း အသီးသီးအပြင် ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာလည်း လျာထားချက်ထက် ကျော်လွန်ကာ ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ပြည်ပကုန်သွယ်မှု ပြုရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ဖြင့် အဓိကကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။အဓိကအားဖြင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုရရှိထားသော်လည်း သွင်းကုန်အတွက် အသုံးပြုငွေ ပိုမိုသောကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကျော်ရှိကြောင်း သိရသည်။          

Most Read

Most Recent