အစိုးရကဆောင်ရွက်မည့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး လွှတ်တော်နှင့်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း

အစိုးရကဆောင်ရွက်မည့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး လွှတ်တော်နှင့်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း
Published 31 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

အစိုးရကဆောင်ရွက်မည့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး လွှတ်တော်နှင့် အစိုးရအဖွဲ့အားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်သို့ သာကေတမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည်။၎င်းအရေးကြီးအဆိုကိုဆွေးနွေးရန် မတ် ၃၁ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အခမ်းအနားအစီအစဉ်၌ ထည့်သွင်းထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်အစည်းအဝေး၌ ထည့်သွင်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။၎င်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "လွှတ်တော်နာယကဆီကို အရေးကြီးအဆိုတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥပဒေနဲ့အညီ တင်ပြထားတာရှိပါတယ်။ အဆိုမှာ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ရမည့် နိုင်ငံတော်၏အမျိုးသားစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးကောင်းပြီး စံချိန်မီပြီးစီးဆောင်ရွက်စေရေးနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာကိစ္စရပ်များ စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေးအတွက် အောက်ပါအဆိုပြုချက်များကို ကြီးကြပ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း၊ အမျိုးသားစီမံကိန်းတွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားသော တင်ဒါစည်းကမ်းများနှင့်အညီ တာဝန်ရှိသူအဆင့်ဆင့်၏ စီမံကြီးကြပ်မှုဖြင့် လိုက်နာဆောင်ရွက်ရေး၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာကိစ္စရပ်များကို တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာန၊ အဖွဲ့အစည်းများက တိကျစွာလိုက်နာဆောင်ရွက်ရေး၊ စာရင်းများ၊ လုပ်ငန်းများစစ်ဆေးခြင်းနှင့် စစ်ဆေးမှုခံယူခြင်းတို့ကို အချိန်မီမှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာရင်းစစ်ချုပ်ရုံး၊ ဖွဲ့စည်းပုံအပါအဝင် ဌာနတွင်းစစ်ဆေးရေးအဖွဲ့များ ပြင်ဆင်၊ တိုးချဲ့ဖွဲ့စည်းရေးနှင့် စစ်ဆေးတွေ့ရှိမှုအတိုင်းအတာအရ ထိရောက်လုံလောက်သော အရေးယူဆောင်ရွက်မှုပြုလုပ်ရေး၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၃ အရ သတ်မှတ်ထုတ်ပြန်ထားသော ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တာဝန်များနှင့်အညီ စာရင်းများစစ်ဆေးခြင်း၊ လုပ်ငန်းဌာနများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဖြစ်ပါတယ်။ ဒီအဆိုကို နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားအတွက် ကာလအားဖြင့်လည်း အရေးကြီးတဲ့အဆိုအဖြစ် လွှတ်တော်နာယကက သတ်မှတ်ထားပါတယ်။ဒီအဆိုနဲ့ပတ်သက်ပြီးတော့ နောက်ရက်မှာ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်ကိုအသိပေးတင်ပြပါတယ်" ဟုပြောကြားသည်။

Most Read

Most Recent