တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းညှိနှိုင်းရေးဆွဲပြီးစီးခြင်းလက်မှတ်ရေးထိုးပွဲသို့ သမ္မတတက်ရောက်

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းညှိနှိုင်းရေးဆွဲပြီးစီးခြင်းလက်မှတ်ရေးထိုးပွဲသို့ သမ္မတတက်ရောက်
Published 31 March 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို နှစ်ဖက်သဘောတူညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်လက်မှတ်ရေးထိုးမှုကို မတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ပြုလုပ်ခဲ့ရာ UPWC နှင့် NCCT တို့မှ ကိုယ်စားလှယ်ငါးဦးစီ ပါဝင်လက်မှတ်ရေးထိုးသည်။အဆိုပါလက်မှတ်ရေးထိုးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတရှေ့မှောက်၌ UPWC ကိုယ်စားပြုအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်တို့လက်မှတ်ရေးထိုးခဲ့ကာ NCCT ကိုယ်စားပြုအဖြစ် အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းနှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာတို့က လက်မှတ်ရေးထိုးခဲ့သည်။အဆိုပါလက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က "ဒီ NCA စာချုပ်မူကြမ်းကို အကြိမ်ကြိမ်အခါခါဆွေးနွေးပြီးတော့ မနေ့ကပဲ ဒီစာချုပ်မူကြမ်းကို သဘောတူညီမှုရရှိပြီးဖြစ်တဲ့အတွက်ကြောင့် စာချုပ်မူကြမ်းနဲ့ပတ်သက်ပြီး ဒီကနေ့မှာ လက်မှတ်ထိုးကြမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီသဘောတူညီချက်ဟာ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အဓိကတွန်းအားတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ တန်ခူးလ ဧပြီလအတွင်းမှာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ သေချာပေါက်ဆောင်ရွက်သွားနိုင်ရမယ်လို့ ပြောလိုပါတယ်။ အဲဒီတော့ ဒီ NCA လက်မှတ်ရေးထိုးပြီးတာနဲ့ ကျွန်တော်တို့ရှေ့ဆက်သွားမှာက Political Dialogue။ အဲဒီ Political Dialogue အတွက် လမ်းစပွင့်သွားပြီ။ အဲဒီ Political Dialogue ကတော့ အချိန်များစွာယူပြီး ဆွေးနွေးကြရမှာဖြစ်တယ်။ အချိန်ယူရမှာဖြစ်တဲ့အတွက် ကြားကာလမှာတွေ့ကြုံရမယ့်ပြဿနာတွေ နှစ်ဖက်အတွင်း ဒါတွေကလည်း ရင်ဆိုင်ရမှာဖြစ်တယ်။ အဲဒီတော့ ကြားကာလမှာတွေ့ကြုံရမယ့်ပြဿ နာတွေ အခက်အခဲတွေဆက်ပြီးရှိနေမှာဖြစ်တယ်။ ဒါတွေကလည်း ကျွန်တော်တို့ အခုလိုမျက်နှာစုံညီထိုင်ပြီးတော့ညှိနှိုင်းရင်း ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ ကျော်လွှားသွားကြရမှာဖြစ်တယ်" ဟုပြောကြားသည်။ဆက်လက်၍ နိုင်ငံတော်သမ္မတက "အဲဒီaတာ့ ကျွန်တော်ပြောချင်တာကတော့ ဒီဆောင်ရွက်ချက်တွေဟာ မြန်မာ့ငြိမ်းချမ်းရေးရဲ့သမိုင်းကို ဖော်ဆောင်ပေးတဲ့သူတွေတင်မက ငြိမ်းချမ်းရေးကိုတည်ဆောက်ပေးခဲ့တဲ့ သူတွေအဖြစ်နဲ့ မြန်မာ့သမိုင်းမှာ ကျန်ရစ်ခဲ့ကြရမှာဖြစ်တယ်။ ဒီဆောင်ရွက်ချက်တွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့aအာင်မြင်မှု၊ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ဒုတိယပင်လုံရဲ့အောင်ပွဲတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်" ဟုပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန်အတွက် UPWC နှင့် NCCT တို့သည် ၂၀၁၃ နိုဝင်ဘာ ၄ ရက်တွင် စတင်ဆွေးနွေးခဲ့ရာ ပြည်တွင်း၊ ပြင်ပ၌ အလွတ်သဘော ၂၂ ကြိမ်၊ တရားဝင် ခုနစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် မတ် ၃၁ ရက်တွင် နှစ်ဖက်သဘောတူညီသည့်စာချုပ်မူကြမ်းကို ပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစာချုပ်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များထံ ပြန်လည်တင်ပြအတည်ပြုချက်ရယူမည်ဖြစ်သည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များထံမှ အတည်ပြုချက်ရယူပြီးပါက နှစ်ဖက်ကိုယ်စားပြုသူများက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း အတည်ပြုချက်လက်မှတ်ရေးထိုးရာတွင် ထည့်သွင်းရေးသားထားသည်။UPWC နှင့် NCCT တို့အကြား တစ်နှစ်ကျော်ကြာရေးဆွဲခဲ့ရသည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း အပြီးသတ်သဘောတူညီမှုရရှိနိုင်ရေးအတွက် အသုံးပြုခဲ့ရသည့် နည်းလမ်းများနှင့်ပတ်သက်ပြီး NCCT ကိုယ်စားလှယ် ဒေါက်တာဆလိုင်းလျန်မှုန်းက "ဒီမှာ ကျွန်တော်တို့အနေနဲ့ အခက်အခဲကိုကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့သုံးတဲ့ အသုံးပြုတဲ့နည်းလမ်းတစ်ခုကဘာလဲဆိုတော့ ဒီမှာကျွန်တော်တို့ဆွေးနွေးပြီးတော့မှ အဖြေရှာလို့မရတော့ဘူးဆိုတဲ့ဟာမျိုး၊ သို့မဟုတ် ဆွေးနွေးရတာအရမ်းခက်ခဲလို့ ရှေ့တိုးလို့မရမယ့် အနေအထားမျိုးရှိတဲ့ဟာကို ကျွန်တော်တို့အနေနဲ့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ထားပါတယ်။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ထားတဲ့အချက်တွေကို ကျွန်တော်တို့အနေနဲ့ ဘယ်လိုသဘောတူထားလဲဆိုတော့ အထွေထွေမှာ အပိုဒ်တစ်ခုအနေနဲ့ သဘောတူညီမှုကိုရေးထားပါတယ်။ အဲဒီသဘောတူညီမှုကိုရေးထားတာက ဆုံးဖြတ်ချက်အနေနဲ့ ပါသွားတဲ့အချက်တွေကို ကျွန်တော်တို့ NCA စာချုပ်ပါတဲ့ အချက်အပိုဒ်ကဲ့သို့ ရှေ့ဆက်အကောင်အထည်ဖော်တဲ့နေရာမှာ အကျုံးဝင်စေရမယ် ကိုးကားရမယ်ဆိုပြီး ကျွန်တော်တို့သဘောတူထားတာဖြစ်ပါတယ်" ဟုပြောကြားသည်။ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆွေးနွေးပွဲကို ရန်ကုန်မြို့၌ မတ် ၁၇ ရက်မှ မတ် ၂၂ ရက်အထိ ခြောက်ရက်ကြာပြုလုပ်ခဲ့ကာ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းပါ အခန်းခုနစ်ခန်းရှိ အချက်များအားလုံး ပြီးဆုံးအောင်ဆွေးနွေးနိုင်ခဲ့သော်လည်း နှစ်ဖက်သဘောတူရန်ကျန်နေသေး၍ ခုနစ်ရက်ကြာရပ်နားပြီး မတ် ၃၀ ရက်တွင် ပြန်လည်ဆွေးနွေးခဲ့ရာ ယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ UPWC နှင့် NCCT တို့အကြား သဘောတူညီပြီးဖြစ်သည့် အပစ်ရပ်မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များထံသို့ ပြန်လည်တင်ပြအတည်ပြုရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးညီလာခံကို အမြန်ဆုံးခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent