လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၇၃ ဘီလျံကျော် ဝင်ရောက်ထားပြီး အိမ်ခြံမြေကဏ္ဍတွင် မြှုပ်နှံမှု အများဆုံးဖြစ်

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၇၃ ဘီလျံကျော် ဝင်ရောက်ထားပြီး အိမ်ခြံမြေကဏ္ဍတွင် မြှုပ်နှံမှု အများဆုံးဖြစ်
Published 29 March 2015
ချမ်းမြေ့သူ

လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၉၇၃ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း အိမ်ခြံမြေကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။နိုင်ငံသားလုပ်ငန်းရှင်များက ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပေါင်း ၄၅ ခုတွင် ကျပ် ၉၇၃၉၇၅ ဒသမ ၉၉ သန်း (ကျပ် ၉၇၃ ဘီ လျံကျော်) ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုဇုန်ဆိုင်ရာ ကဏ္ဍနှင့် အခြားလုပ်ငန်းကဏ္ဍတို့တွင် ဝင်ရောက်မြှုပ်နှံမှု အသီးသီး ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ဝင်ရောက်မြှုပ်နှံမှုပြုသည့် ကဏ္ဍအလိုက် ပမာဏများမှာမူ အိမ်ခြံမြေကဏ္ဍတွင် ကျပ် ၄၆၈၃၄၉ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၁၈၈ သန်းကျော်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၁၅၃၉၈၃ သန်းကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၈၃၉၇၁ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ် ၅၉၁၅၁ သန်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၂၂၄၄၂ သန်းကျော်၊ စက်မှုဇုန်ဆိုင်ရာ ကဏ္ဍတွင် ကျပ် ၁၄၂၄၈ သန်းကျော်နှင့် အခြားကဏ္ဍတွင် ကျပ် ၆၉၆၄၀ သန်းကျော် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံသားလုပ်ငန်းရှင်များအား ဝင်ရောက်မြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍ စုစုပေါင်း ၁၂ ခုရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် သတ္တုတူးဖော်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်း မရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။နိုင်ငံသား လုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍများတွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုလွှာတင်ပြ လျှောက်ထားကြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပြု လျှောက်ထားလာသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ကော်မရှင်အစည်းအဝေးမှတစ်ဆင့် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent