ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအတွက် လုပ်ငန်းလိုင်စင်ကို မဟာသင်္ကြန်ကာလ ပြီးမှသာ ချထားပေးမည်ဟု ဆို

ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအတွက် လုပ်ငန်းလိုင်စင်ကို မဟာသင်္ကြန်ကာလ ပြီးမှသာ ချထားပေးမည်ဟု ဆို
Published 29 March 2015
သန်းထိုက်အောင်

ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအတွက် လုပ်ငန်းလိုင်စင်ကို မဟာသင်္ကြန်ကာလ ပြီးမှသာ ချထားပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ မတ် ၂၆ ရက်တွင် သတင်းရရှိသည်။“Service Provider တွေကို လိုင်စင်ချထားပေးဖို့ကတော့ ဆောင်ရွက်တုန်းပါပဲ။ မပြီးသေးဘူး။ ဒီပုံအတိုင်းဆိုရင် သင်္ကြန်ပြီးလောက်မှ ဖြစ်မယ့်သဘော ရှိပါတယ်။ မှန်းကြည့်ထားတာပေါ့” ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SECM ၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီလိုင်စင်လေးမျိုးကို ချထားပေးရန် ကြေညာခဲ့ပြီး လျှောက်လွှာပေါင်း ၁၈ဝ နီးပါး ရောင်းချခဲ့ရကြောင်း သိရသည်။“လျှောက်လွှာပြန်တင်တာက ၅၇ စောင်ရှိပါတယ်။ နံပါတ် (၁) အများဆုံး လျှောက်ထားတာကတော့ Advisor လိုင်စင် အမျိုးအစားဖြစ်ပြီး လျှောက်လွှာအစောင် ၃ဝ အထိ လက်ခံရရှိထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။အခြားလိုင်စင် အမျိုးအစားများအဖြစ် Broker လိုင်စင်လျှောက်ထားလွှာ ငါးစောင်၊ Underwriter လိုင်စင်လျှောက်ထားလွှာ အဆောင် ၂ဝ နှင့် Dealer လိုင်စင်လျှောက်ထားလွှာ နှစ်စောင် လျှောက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ Daiwa Group နှင့် Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီး ထည့်ဝင်လုပ်ဆောင်ကြမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ရေးထိုးကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလိုင်စင် ရရှိပြီးဖြစ်ကြောင်း သိရသည်။ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပုဒ်မ ၂၆ (က) အရ ငွေချေးသက်သေခံ လက်မှတ်များ ကိုယ်ပိုင်ရောင်းဝယ်ခြင်းလိုင်စင်၊ ငွေချေးသက်သေခံလက်မှတ် အကျိုးဆောင် သို့မဟုတ် ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်၊ ငွေချေးသက်သေခံ လက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်း လုပ်ငန်းလိုင်စင် ရရှိထားသော ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီသည် အကြံဉာဏ်ပေးခြင်းလုပ်ငန်းကို သီးခြားလိုင်စင်ရယူရန် မလိုဘဲ လုပ်ကိုင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။   

Most Read

Most Recent