SMIDB ဘဏ်က အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် ကျပ်ဘီလျံ ၃၀ အနက် လုပ်ငန်းရှင် ၃၀၀ ကျော်အား ထုတ်ချေးပြီးဖြစ်

SMIDB ဘဏ်က အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် ကျပ်ဘီလျံ ၃၀ အနက် လုပ်ငန်းရှင် ၃၀၀ ကျော်အား ထုတ်ချေးပြီးဖြစ်
Published 26 March 2015
အေးမြတ်မွန်

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ အသေးစား အလတ်စား လုပ်ငန်းရှင်များကို ထုတ်ချေးမည့် ကျပ်ဘီလျံ ၃ဝ အနက်မှ လုပ်ငန်းရှင် အယောက် ၃ဝဝ ကျော်အား ထုတ်ချေးပြီး ဖြစ်ကာ ကျန်လုပ်ငန်းရှင် များကိုလည်း ထပ်မံချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များကို ကျပ်ဘီလျံ ၃ဝ အနက်မှ လုပ်ငန်းရှင် ၃၁၇ ဦးအား လက်ရှိတွင် ထုတ်ချေးထားပြီးဖြစ်ကာ ကျန်လုပ်ငန်းရှင်များကိုလည်း ချေးပေးရန် စိစစ်အကဲဖြတ်နေကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။       
“ဒီဘဏ္ဍာနှစ်အတွက်ကို ၂ဝ၁၄ ဇွန် လကနေ စချေးတာပါ။ လုပ်ငန်းရှင်ပေါင်း ၃၁၇ ယောက်ကို ထုတ်ချေးထားတာ ဖြစ်ပါတယ်။ အခုက ဘဏ္ဍာနှစ်ချုပ်နေတဲ့ကာလ ဖြစ်တဲ့အတွက် နောက်ထပ်ပေးဖို့ကို ဒါရိုက်တာ အစည်းအဝေးထိုင်ပြီး ဧပြီလကုန် မေလလောက်မှာ ထပ်မံချေးပေးသွားမှာ ဖြစ်ပါတယ်” ဟု အသေးစားနှင့် အလတ်စားလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၏ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ပြောကြားသည်။
ချေးငွေချေးလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းပြည်နယ်အစိုးရ၏ ထောက်ခံချက်ရရှိရန်လိုအပ်ပြီး ယင်းသို့ ထောက်ခံချက်ရရှိပြီးမှသာ SMIDB ဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ချေးငွေထုတ်ချေး ခြင်းကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာ ခိုင်နှုန်းဖြင့် ထုတ်ချေးပြီး အပေါင်ပစ္စည်းပေါ် မူတည်ကာ အနည်းဆုံး ကျပ်သိန်း ၁ဝဝ မှ  အများဆုံး ကျပ်သိန်း ၁ဝဝဝ အထိ ထုတ်ချေး ကာ ယင်းချေးငွေကို သုံးနှစ်အတွင်းပြန်လည် ဆပ်ရမည်ဖြစ်သည်။
“ကျန်တဲ့လုပ်ငန်းရှင်တွေကိုလည်း ချေး နိုင်ဖို့အတွက် ရာဖြတ်အဖွဲ့က စစ်ဆေးနေတာ တွေရှိတယ်။ ချေးငွေလာရောက် လျှောက်ထားသူအားလုံးကို ချေးပေးနိုင်ဖို့ အဆင့်ဆင့်စိစစ် လုပ်ဆောင်ရတာဆိုတော့ အချိန်ကာလအားဖြင့်က အတိအကျပြောလို့ မရတာပါ” ဟု ၎င်းက က်လက် ပြောကြားသည်။
စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်းပေါင်း ၁၂ဝဝဝဝ ကျော် ရှိနေပြီး မြန်မာ့စီးပွားရေး လုပ်ငန်းများ၏ ၉၉ ရာခိုင်းနှုန်းကျော်ရှိကြောင်း သိရသည်။ အသေးစား အလတ်စားလုပ်ငန်းရှင် အများစုမှာ ချေးငွေရယူရန်အတွက် အပေါင်ပစ္စည်းပြရသောကြောင့် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
ထို့အပြင် အသေးစား အလတ်စား လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်အတွက် ငွေကြေးအရင်းအနှီးရရှိမှု၊ နည်းပညာလိုအပ်မှုနှင့် ဈေးကွက်ရရှိရန်တို့မှာ အဓိကလိုအပ်ချက် ဖြစ်နေကြောင်းလည်း အသေးစား အလတ်စား လုပ်ငန်းရှင်များထံမှ သိရသည်။ 
                             
 

Most Read

Most Recent